၁၉၄၇ ပင်လုံနဲ့ ၂၁ ရာစု ပင်လုံ ကွာခြားတယ်လို့ တပ်ချုပ်ပြော

သီဟထွန်း၊ သက်စုအောင်
2019.10.28
minaunghlaing-4th-nca-622.jpg တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ၂၀၁၉၊ အောက်တိုဘာ ၂၈ ရက်နေ့ ကျင်းပတဲ့ NCA စာချုပ် လေးနှစ်မြောက် နှစ်ပတ်လည်နေ့ အခမ်းအနားမှာ မိန့်ခွန်းပြောကြားစဉ်
ဓါတ်ပုံ - သီဟထွန်း/ RFA

ဒီနေ့ နေပြည်တော်မှာ ကျင်းပတဲ့ တစ်နိုင်ငံလုံး အပတ်အခပ်ရပ်စဲရေး NCA စာချုပ် လေးနှစ်မြောက် နှစ်ပတ်လည်နေ့ အခမ်းအနား အဖွင့်မိန့်ခွန်းမှာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဗိုလ်ချုပ်အောင်ဆန်း လက်ထက် ပင်လုံညီလာခံဟာ လွတ်လပ်ရေးရပြီးနောက် ပြည်ထောင်စု တည်ဆောက်မယ့် နိုင်ငံရေးကို ဦတည်ဆွေးနွေးတာဖြစ်ပြီး ၂၁ ရာစုပင်လုံကတော့ ငြိမ်းချမ်းရေးကို ဦးတည်ဆွေးနွေးတာဖြစ်တယ်လို့ ပြောပါတယ်။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဖက်ဒရယ်စနစ်ကို လိုရာဆွဲ အဓိပ္ပာယ် ဖွင့်နေကြတာတွေနဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်အပေါ် တပ်မတော်ရဲ့ သဘောထားတွေကိုလည်း ထည့်သွင်းပြောကြားခဲ့ပါတယ်။

ဖက်ဒရယ်ကို အကောင်အထည်ဖော်ရာမှာ မဖြစ်နိုင်တဲ့ နိုင်ငံရဲ့ အခြေအနေနဲ့ မကိုက်ညီတဲ့ ဖြစ်လိုတဲ့ ဆန္ဒတစ်ခုတည်းအပေါ် အာရုံစိုက်ဆောင်ရွက်မနေပဲ လက်ရှိအခြေအနေနဲ့ ကိုက်ညီတဲ့ ဖြစ်နိုင်ခြေအပေါ် အာရုံစိုက်ရင် ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ထိရောက်မြန်ဆန်မယ်လို့လည်း ဆိုပါတယ်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရဲ့ ပြောဆိုချက်နဲ့ ပတ်သက်ပြီး RFA က တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်းကို မေးမြန်းတဲ့အခါ လက်နက်ကိုင်ပြီး ငြိမ်းချမ်းရေးစကားပြောနေလို့ မရနိုင်တဲ့အတွက် ၂၁ ရာစုပင်လုံမှာ ဦးစားပေးလုပ်ရမှာက ငြိမ်းချမ်းရေးလို့ ဆိုလိုရင်းဖြစ်ကြောင်း ပြောပါတယ်။

နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က အစိုးရက ဆောင်ရွက်မယ့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ် သုံးရပ်ကို ဒီနေ့ အခမ်းအနားမှာ အသိပေးခဲ့ပါတယ်။ အဲဒီ အထဲက ဒုတိယ တစ်ခုကတော့ ပါဝင်သင့် ပါဝင်ထိုက်တဲ့ အပစ်ရပ်လက်မှတ်မထိုးတဲ့အဖွဲ့တွေ အားလုံးပါဝင်လာဖို့ ဖြစ်တယ်လို့ သိရပါတယ်။

ဒေါ်အောင်ဆန်းစုကြည်က လက်မှတ်မထိုးရသေးတဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေ NCA ထီးရိပ်အောက်မှာ ပါဝင်လာနိုင်ရေး ရှေ့ကိုခြေတစ်လှမ်းတက်ပေးဖို့ မေတ္တာရပ်ခံ တိုက်တွန်းလိုကြောင်း ပြောပါတယ်။

ပါဝင်သင့် ပါဝင်ထိုက်သူတွေ အားလုံးပါဝင်ခြင်းမရှိသေးတဲ့အတွက် နိုင်ငံရေးစာပွဲဝိုင်းမှာ လိုအပ်ချက်၊ လစ်ဟာချက်တွေကို ခံစားနေရတယ်လို့လည်း သူကပြောပါတယ်။

ဒါ့အပြင် နိုင်ငံတော် အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်က လူနည်းစု တိုင်းရင်းသားတွေရဲ့ ခံစားချက်တွေ၊ ဒဏ်ရာဒဏ်ချက်တွေကို ခံစားနားလည်ပြီး သိမြင်မှသာ ပဋိပက္ခဖြေရှင်းရေးကို ဦးတည်တဲ့ ငြိမ်းချမ်းရေးကို တည်ဆောက်နိုင်မယ်လို့ ပြောပါတယ်။

ဒီနေ့ အခမ်းအနားကို အစိုးရနဲ့ တပ်မတော်ခေါင်းဆောင်တွေ၊ NCA စာချုပ် လက်မှတ်ထိုးထားတဲ့ တိုင်းရင်းသား လက်နက်ကိုင် ကိုးဖွဲ့ရဲ့ ခေါင်းဆောင်တွေ တက်ရောက်ခဲ့ကြပြီး ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS ဥက္ကဋ္ဌ ဒုတိယ ဗိုလ်ချုပ်ကြီး ယွက်ဆစ်နဲ့အဖွဲ့ လုံး၀ မတက်ရောက်ခဲ့ပါဘူး။

ကရင်အမျိုးသားအစည်းအရုံး KNU ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး မူတူးစေးဖိုး ဟာ အပစ်ရပ် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့ ဖွဲ့စည်းထားတဲ့ PPST အဖွဲ့မှာ ဦးဆောင်သူ မဟုတ်ပေမယ့် RCSS ဥက္ကဋ္ဌ ဒုတိယ ဗိုလ်ချုပ်ကြီး ယွက်ဆစ် မတက်ရောက်တဲ့အတွက် အစားထိုးပြီး မိန့်ခွန်းပြောကြားခဲ့ပါတယ်။

KNU ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး မူတူးစေးဖိုး က NCA လက်မှတ်ထိုးထားတဲ့ ကာလ လေးနှစ်ရှိပြီဖြစ်ပေမယ့် တိုးတက်မှုမရှိတာက ယုံကြည်မှုအားနည်းနေပြီး အာဃာတတွေ၊ စိုးရိမ်မှုတွေ များနေလို့ဖြစ်ကြောင်း မိန့်ခွန်းမှာ ထည့်သွင်းပြောကြားပါတယ်။

လက်ရှိ ငြိမ်းချမ်းရေး  လမ်းကြောင်းကနေ တိမ်းစောင်းသွားတဲ့ အခြေအနေကို တွန်းပို့နေတယ်လို့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အချို့က သုံးသပ် ထားတယ်လို့လည်း ဗိုလ်ချုပ်ကြီး မူတူးစေးဖိုး က ပြောပါတယ်။

ချင်းအမျိုးသားတပ်ဦး CNF ဒုတိယ ဥက္ကဋ္ဌ ဒေါက်တာ ဆလိုင်းလျန်မှုန်းဆာခေါင်းက ဒီမိုကရေစီနဲ့ ဖက်ဒရယ်အခြေခံမှုတွေ ရရှိရေးလက်မှတ်ထိုးထားတဲ့ အဖွဲ့တွေနဲ့ ဆွေးနွေးမှု အဆင်မပြေသေးတဲ့အတွက် လက်မှတ်မထိုးတဲ့အဖွဲ့တွေ NCA လမ်းကြောင်းပေါ်ရောက်လာဖို့ အားနည်းချက်တွေ ရှိတယ်လို့ ပြောပါတယ်။

ဦးသိန်းစိန် အစိုးရ လက်ထက် ၂၀၁၅ ခုနှစ် အောက်တိုဘာလ ၁၅ ရက်နေ့က တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ ရှစ်ဖွဲ့နဲ့ NCA စာချုပ် စတင်လက်မှတ်ရေးထိုးခဲ့တာပါ။

ဒီနေ့ အခမ်းအနားအပြီးမှာ KNU ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး မူတူးစေးဖိုးနဲ့ နိုင်ငံတော် အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်တို့ သီးခြားစီ ဆွေးနွေးမယ်လို့ သိရပါတယ်။ ကျန်တဲ့အဖွဲ့တွေကလည်း အဲဒီလို တွေ့ဆုံဖို့ တင်ပြထားပြီး တွေ့ဆုံဖို့ရှိ မရှိ မသိရသေးပါဘူး။

အလားတူ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် အကောင်ထည်ဖော်မှုဆိုင်ရာ ညှိနှိုင်းအစည်းအဝေး JICM အစည်းအဝေးကိုလည်း လေးနှစ်ပြည့် အခမ်းအနားအပြီးမှာ ကျင်းပဖို့ စီစဉ်ထားပေမယ့် အဖွဲ့တွေ မစုံလင်တဲ့အတွက် မကျင်းပနိုင်တော့ပါဘူး။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။