ဒရုန်းသုံးတဲ့ သတင်းထောက်တွေကို တရားစွဲထားတာ ရုပ်သိမ်းခွင့်ပြု
2017.12.28

နေပြည်တော်က လွှတ်တော်အဆောက်အဦးကို မောင်းသူမဲ့ လေယာဉ်ငယ် (ဒရုန်း) နဲ့ရိုက်ကူးဖို့ ကြိုးစားတဲ့အတွက် ဖမ်းဆီးခံထားရသူ လေးဦးအပေါ် သွင်းကုန် ပို့ကုန်ဥပဒေ၊ လဝက ဥပဒေတွေနဲ့ တရားစွဲဆိုထားတာကို ပြန်လည် ရုပ်သိမ်းဖို့ ဇမ္ဗူသီရိမြို့နယ် တရားရုံံးက ဒီကနေ့ ခွင့်ပြုလိုက်ပါတယ်။
ဖမ်းဆီးခံထားရသူတွေအနေနဲ့ ဒီလိုပြစ်မှုမျိုး ထပ်မံကျူးလွန်မှာမဟုတ်ဘူးလို့ တရားရုံးက ယုံကြည်တဲ့အတွက် အခုလို ရုပ်သိမ်းခွင့်ပြုတာဖြစ်တယ်လို့ တရားစွဲဆိုခံထားရသူ လေးဦးရဲ့ ရှေ့နေ ဦးခင်မောင်ဇော် က ပြောပါတယ်။
"ရုံးကအမိန့်ချလိုက်တာကတော့ နှစ်ခုစလုံးမှာ တရားလိုတွေကလည်း လျှောက်ထားတယ်၊ ဥပဒေအရာရှိတွေ ကနေတဆင့် ဥပဒေတွေနဲ့အညီ လျှောက်လာတယ်၊ နောက်ဒီပြစ်မှုကို ထပ်မံပြီး ကျူးလွန်ဖို့အတွက်လည်း အလားအလာရှိတယ်လို့ ရုံးကမယူဆဘူး၊ အဲလိုအချက်အလက်တွေကြောင့် ရုံးက ရုပ်သိမ်းခွင့်ပြုတယ် စွဲချက်မတင်မီ လွှတ်လိုက်တယ်လို့ အမိန့်ချတယ်"
နေပြည်တော် လွှတ်တော် အဆောက်အဦးကို ဒရုန်းနဲ့ ရိုက်ကူးဖို့ ကြိုးပမ်းတဲ့အတွက် တူရကီနိုင်ငံ အခြေစိုက် TRT သတင်းဌာန၊ စင်ကာပူရုံးခွဲက မလေးရှားနိုင်ငံသူ တစ်ဦး၊ စင်ကာပူနိုင်ငံသား တစ်ဦး၊ မြန်မာနိုင်ငံသား စကားပြန် ကိုအောင်နိုင်စိုးနဲ့ ယာဉ်မောင်းတစ်ဦး စုစုပေါင်း ၄ ဦးတို့ကို ဖမ်းဆီးထားတာဖြစ်ပါတယ်။
သူတို့အားလုံးဟာ မြန်မာနိုင်ငံ လေယာဉ်အက်ဥပဒေ ပုဒ်မ(၁၀)နဲ့ နိုဝင်ဘာလ ၁၀ ရက်နေ့က စပြီး ထောင်ဒဏ် ၂ လစီ ကျခံနေရတာဖြစ်တဲ့အတွက် လာမယ့် ဇန်နဝါရီလဆန်းလောက်မှာ လွတ်မြောက်မှာဖြစ်ပါတယ်။
သူတို့ကို ဖမ်းဆီးစဉ်က သိမ်းဆည်းခဲ့တဲ့ ဒရုန်းအပါအဝင် လက်ပ်တော့၊ ဖုန်းစတာတွေကို သိမ်းဆည်းထား ဆဲဖြစ်တဲ့အတွက် တစ်လအတွင်း ပြင်ဆင်ချက်လျှောက်ထားမယ်လို့ ရှေ့နေ ဦးခင်မောင်ဇော်က ပြောပါတယ်။