နေပြည်တော်ကောင်စီနယ်မြေမှာ လယ်ယာမြေလျော်ကြေးပေးဖို့ တင်ပြမည်


2018.04.27
soenaing-622.jpg မြို့ပြစီမံကိန်းနဲ့ မြေစီမံခန့်ခွဲမှုဌာန၊ ဌာနမှူး ဦးစိုးနိုင် ကို တွေ့ရစဉ်
Photo: Win Ko Ko Latt/RFA

လာမယ့် ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်အတွက် နေပြည်တော်ကောင်စီနယ်မြေမှာ လယ်ယာမြေလျော်ကြေးငွေတွေ ပေးအပ်ဖို့ ငွေကျပ် သန်းငါးရာကို ပြည်ထောင်စုအစိုးရထံကို တင်ပြတောင်း ခံသွားမှာဖြစ်ပါတယ်။

နေပြည်တော် မြို့တော်ခန်းမှာ ဒီနေ့ ကျင်းပတဲ့ ငွေလုံးငွေရင်း အသုံးစရိတ်နဲ့ နိုင်ငံတော်ထောက်ပံ့ငွေ နဲ့ ဆောင်ရွက်မယ့် လျာထားလုပ်ငန်းတွေ ရှင်းလင်းဆွေးနွေးပွဲမှာ မြို့ပြစီမံကိန်းနဲ့ မြေစီမံခန့်ခွဲမှုဌာန၊ ဌာနမှူး ဦးစိုးနိုင်က မြေယာလျော်ကြေးငွေတွေ ပေးအပ်မှာဖြစ်တယ်လို့ ပြောပါတယ်။

"လာမယ့်နှစ်မှာတော့ ကျနော်တို့က သန်း ၅ဝဝ လျာထားပါတယ်၊ အဓိကတော့ ကျနော်တို့ နစ်နာကြေး၊ ထောက်ပံ့ကြေး ပေးဖို့အတွက်ကို ဒက္ခိဏသီရိမြို့နယ်မှာ ၁ နေရာရှိပါတယ်၊ ဇဗ္ဗူသီရိမြို့နယ်မှာ ၁ နေရာရှိပါတယ်၊ ဥတ္တရသီရိမြို့နယ်မှာ ၁ နေရာရှိပါတယ်"

ဒက္ခိဏသီရိမြို့နယ် သဲဖြူကျေးရွာအနီးက  မြေဧက ၃၈၀၊ နေပြည်တော်မြို့ပတ်လမ်းက မြေဧက ၁၂ ဧကကျော်နဲ့ ဥတ္တရသီရိမြို့နယ်၊ ရွှေနံ့သာရပ်ကွက်က မြေဧက ပေါင်း ၈၀ ကျော်၊ စုစုပေါင်း ဧက ၄၈၀ ကျော်နဲ့ သီနှံလျော်ကြေးတွေပေးနိုင်ဖို့ လျာထားတာလို့ပြောပါတယ်။

နေပြည်တော်နယ်မြေမှာ လယ်မြေတဧကအတွက် ငွေကျပ် သိန်း ၃၀၊ ဒုတိယတန်းစားအတွက် ငွေကျပ်သိန်း ၂၀၊ တတိယတန်းစား မြေအတွက်ဆိုရင် ငွေကျပ် ၁၀ သိန်း၊ ယာမြေအတွက်  ၁၅ သိန်း လျော်ကြေးပေးပြီး သီးနှံလျော်ကြေးတွေကိုလည်း ထိုက်သင့်တဲ့ဈေးနှုန်းနဲ့ လျော်ကြေးပေးတယ်လို့ ဦးစိုးနိုင်က ပြောပါတယ်။

နေပြည်တော်ကောင်စီနယ်မြေအတွင်းက လယ်ယာမြေအမှုပေါင်း ၃၃၀ ကျော်မှာ အမူ ၈၀ ကျော်ကို ဖြေ ရှင်းပေးနိုင်ခဲ့ပြီးဖြစ်သလို  ပြီးခဲ့တဲ့ ၂၀၁၆- ၁၇ ဘဏ္ဍာနှစ်မှာ ငွေကျပ် သန်း ၁၅၀၀၊ ၂၀၁၇- ၂၀၁၈ ခုနှစ်မှာ ငွေကျပ် သန်း ၁၀၀ လျော်ကြေးပေးခဲ့တယ်လို့ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။