မျိုးစောင့်ဥပဒေများ အမြန်ဆုံး ပြဌာန်းရေး ဆန္ဒဖော်ထုတ်မည်


2014.10.25

မြန်မာနိုင်ငံမှာ မျိုးစောင့်ဥပဒေတွေကို အမြန်ဆုံးပြဌာန်းပေးဖို့အတွက် အမျိုးဘာသာ သာသနာစောင့်ရှောက်ရေးအဖွဲ့ နဲ့ သံဃာတော်တွေက ဒီကနေ့ စနေနေ့မှာ စတင်ဆန္ဒဖော်ထုတ်သွားမယ်လို့ သိရပါတယ်။

မျိုးစောင့်ဥပဒေတွေဟာ တိုင်းပြည်အတွက် မရှိမဖြစ်လိုအပ်ကြောင်း၊ မြန်မာအမျိုးသမီးတွေကို တရားဥပဒေအရ အကာအကွယ်ပေးလိုတဲ့အတွက် အခုလို တောင်းဆိုရတာဖြစ်ကြောင်း အမျိုးဘာသာ သာသနာစောင့်ရှောက်ရေးအဖွဲ့ (ဗဟို) ရဲ့ ဦးဆောင်ဆရာတော် ဦးပါမောက္ခက မိန့်ကြားတော်မူပါတယ်။

ဒီအစီအစဉ်ကို အမျိုးဘာသာ သာသနာစောင့်ရှောက်ရေးအဖွဲ့ (ဗဟို) ရဲ့ ညွှန်ကြားချက်နဲ့ ဆောင်ရွက်တာဖြစ်ကြောင်းနဲ့ ဒီကနေ့ အောက်တိုဘာ ၂၅ ရက်နေ့မှာ ရန်ကုန်မှာ စတင်ပြုလုပ်သွားမှာဖြစ်ပြီး မြန်မာနိုင်ငံတဝှမ်းလုံးအထိ ဆက်လက် ဆန္ဒထုတ်ဖော်သွားမှာဖြစ်ကြောင်းလဲ မိန့်ကြားပါတယ်။

အမျိုးဘာသာသာသနာ ကာကွယ်စောင့်ရှောက်ရေး (ဗဟို) ဥက္ကဌ ဘဒ္ဒန္တတိလောကာဘိဝံသက  ကိုးကွယ်ရာဘာသာ ကူးပြောင်းခြင်းဆိုင်ရာဥပဒေ၊ လူဦးရေတိုးပွားနှုန်း ထိန်းညှိခြင်းဆိုင်ရာဥပဒေ၊ လက်ထပ်ထိမ်းမြားခြင်းဆိုင်ရာဥပဒေနဲ့ တစ်လင်တစ်မယားစနစ် ကျင့်သုံးခြင်းဆိုင်ရာဥပဒေ စတဲ့မျိုးစောင့်ဥပဒေတွေကိုပြဌာန်းပေးဖို့ နိုင်ငံတော်သမ္မတထံ ဇူလိုင်လ၉ရက်နေ့က  စာရေးသားတောင်းဆိုခဲ့ပါတယ်။  သမ္မတဦးသိန်းစိန်က မျိုးစောင့်ဥပဒေတွေရေးဆွဲပြီး လွှတ်တော်ကို တင်ပြနိုင်ရေးအတွက်  အဖွဲ့ဝင် ၁၂ ဦးပါ မျိုးစောင့်ဥပဒေရေးဆွဲရေးကော်မရှင်ကို မတ်လ ၇ ရက်နေ့က ဖွဲ့စည်းတာဝန်ပေးအပ်ခဲ့ပါတယ်။

အဲဒီကော်မရှင်က ဘာသာကူးပြောင်းခြင်းဆိုင်ရာ ဥပဒေကြမ်းကို ပြီးခဲ့တဲ့ ဇူလိုင်လက နိုင်ငံပိုင်သတင်းစာတွေကနေ ဖော်ပြခဲ့ပြီး ပြည်သူတွေဆီက အကြံပြုချက်တွေကို တောင်းခံခဲ့ပါတယ်။

ဒီအကြောင်းနဲ့ ပတ်သက်ပြီး ဦးဆောင်ဆရာတော် ဦးပါမောက္ခကို ဒေါ်ခင်ခင်အိက ဆက်သွယ်မေးမြန်ထားပါ်တယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။