မျိုးစောင့်ဥပဒေဟာ နိုင်ငံရေးအမြတ်ထုတ်ဖို့ မဟုတ်ကြောင်း ပြောကြား
2014.05.17
အမျိုးစောင့်ဥပဒေကို လွှတ်တော်မှာ တင်သွင်းနိုင်ဖို့ ကြိုးစားနေတာဟာ အစိုးရ ဒါမှမဟုတ် ပါတီ အဖွဲ့အစည်းတစ်ခု ရဲ့ အလိုကျ နိုင်ငံရေးအမြတ်ထုတ်ဖို့ ဆောင်ရွက်နေတာမဟုတ်ပဲ အမျိုးဘာသာ သာသနာအတွက် အမျိုးသားရေး အမြင်နဲ့ လုပ်ဆောင်နေတာလို့ အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့က ဒီနေ့ ပြောပါတယ်။
ရန်ကုန်မြို့ အင်းစိန်မြို့နယ် ရွာမပရိယတ္တိ စာသင်တိုက်မှာ ဒီနေ့ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့ ဗဟိုအလုပ်အမူဆောင် ဓမ္မစက္ကဦးမောင်မာင်က မျိုးစောင့်ဥပဒေအပေါ် ကန့်ကွက် မူတွေကို အခုလိုပြောပါတယ်။
"အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့အနေနဲ့ မည်သည့် ပါတီအဖွဲ့အစည်း၊ မည်သည့် အစိုးရ အဖွဲ့နဲ့မှ ပတ်သက်ဆောင်ရွက်ခြင်း ပူးပေါင်းဆောင်ရွက်ခြင်းမျိုး လုံးဝမရှိဘဲနဲ့ အမျိုးဘာသာ သာသနာ နှင့် နိုင်ငံ၏ရှေ့ရေးအတွက်သာ အမျိုးသားရေးအမြင်ဖြင့် စေတနာထားဆောင်ရွက်နေခြင်းဖြစ်ကြောင်း အတိအလင်းကြေညာအပ်ပါတယ်"
အစိုးရကပြဌာန်းဖို့ ကြိုးပမ်းနေတဲ့ မျိုးစောင့်ဥပဒေတွေနဲ့ ပတ်သက်ပြီး နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နဲ့ ပြည်သူ့ လွှတ်တော် ဥက္ကဌ သူရဦးရွှေမန်းတို့နဲ့ တွေ့ဆုံဆွေးနွေးလိုကြောင်း အရပ်ဘက် လူမှုအဖွဲ့အစည်း ၁၅၀ ခန့်က ပြီးခဲ့တဲ့ မေလ ၁၄ ရက်နေ့က စာရေးသားတောင်းဆိုခဲ့ပါတယ်။
အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့ဟာ အရပ်ဘက် လူမှုအဖွဲ့အစည်းတွေက စွပ်စွဲနေသလို အမျိုး သမီးတွေရဲ့ အခွင့်အရေးတွေကို ကန့်သတ်ပိတ်ပင်ဖို့ မဟုတ်ကြောင်း၊ တည်ဆဲဥပဒေတွေရဲ့ အားနည်းမှုကြောင့် အမျိုးသမီးငယ်တွေ အတင်းအကျပ် ဘာသာကူးပြောင်းခံရမှုတွေကို ဥပဒေကြောင်းအရ အကာအကွယ်ပေးနိုင်ဖို့ ကြိုးပမ်းနေတာသာဖြစ်ကြောင်း ပြောပါတယ်။
အမျိုးဘာသာသာသနာ ကာကွယ်စောင့်ရှောက်ရေး (ဗဟို) ဥက္ကဌ ဘဒ္ဒန ္တ တိလောကာဘိဝံသက ကိုးကွယ်ရာ ဘာသာ ကူးပြောင်းခြင်းဆိုင်ရာ ဥပဒေ၊ လူဦးရေတိုးပွားနှုန်း ထိန်းညှိခြင်းဆိုင်ရာ ဥပဒေ၊ လက်ထပ်ထိမ်းမြားခြင်း ဆိုင်ရာ ဥပဒေနဲ့ တစ်လင်တစ်မယားစနစ် ကျင့်သုံးခြင်းဆိုင်ရာ ဥပဒေ ၄ မျိုး ပါဝင်တဲ့ မျိုးစောင့်ဥပဒေတွေ ကို ပြဌာန်းပေးဖို့ နိုင်ငံတော်သမ္မတထံ ၂၀၁၃ ခုနှစ် ဇူလိုင်လ ၉ ရက်နေ့က စာရေးသားတောင်းဆိုခဲ့ပါတယ်။
သမ္မတ ဦးသိန်းစိန်က မျိုးစောင့်ဥပဒေတွေရေးဆွဲပြီး လွှတ်တော်ကို တင်ပြနိုင်ဖို့အတွက် အဖွဲ့ဝင် ၁၂ ဦးပါ မျိုးစောင့် ဥပဒေ ရေးဆွဲရေးကော်မရှင်ကို ပြီးခဲ့တဲ့ မတ်လ ၇ ရက်နေ့က ဖွဲ့စည်းတာဝန်ပေးအပ်ခဲ့ပြီး ဒီဥပဒေကြမ်းတွေကို ဇွန်လ ၃၀ ရက်နေ့ နောက်ဆုံးထားပြီး သမ္မတကို တင်ပြရမှာ ဖြစ်ပါတယ်။