အငြိမ်းစား ဗိုလ်ချုပ်တွေ ဦးဆောင်မယ့်ပါတီကို တည်ထောင်ခွင့်ပြု
2019.03.01
အငြိမ်းစားဗိုလ်ချုပ် ဦးစိုးမောင်နဲ့ ဦးလွန်းမောင်တို့ ဦးဆောင်ပါဝင်တဲ့ ပါတီကို "အမျိုးသား နိုင်ငံရေး ဒီမိုကရက်တစ် ပါတီ" ဆိုပြီး ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က အမည်ပြောင်းလဲ တည်ထောင်ခွင့်ပြုလိုက်ပါတယ်။
"အမျိုးသား နိုင်ငံရေး" ပါတီနာမည်နဲ့ တင်ထားကို ကော်မရှင်က ခွင့်မပြုတဲ့အတွက် "အမျိုးသား နိုင်ငံရေး ဒီမိုကရက် တစ်ပါတီ" အမည်ပြောင်းလဲ တည်ထောင်ခွင့် ပေးလိုက်တာလို့ သိရပါတယ်။
အဲဒီပါတီကို ဦးဆောင်မယ့် အငြိမ်းစားဗိုလ်ချုပ် ဦးစိုးမောင်ဟာ သမ္မတ ဦးသိန်းစိန် အစိုးရလက်ထက်က သမ္မတရုံး ဝန်ကြီးဌာနမှာ တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပြီး ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီမှာလည်း ဗဟို ဦးဆောင်ကော်မတီဝင် တစ်ဦးအနေနဲ့ ပါဝင်ခဲ့ပါတယ်။
အငြိမ်းစားဗိုလ်ချုပ် ဦးလွန်းမောင်ကတော့ ပြည်ထောင်စုစာရင်းစစ်ချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပြီး သမ္မတ ဦးသိန်းစိန် လက်ထက်က ရာထူးကနေ ဖယ်ရှားခံခဲ့ရသူဖြစ်ပြီး လက်ရှိ မွန်ပြည်နယ် ဘီးလင်းမြို့မှာ အောင်ပြည့်စုံ ဆိုတဲ့ ဆိုင်နာမည်နဲ့ ထမင်းဆိုင် ဖွင့်လှစ်ရောင်းချနေပါတယ်။
အငြိမ်းစားဗိုလ်ချုပ်တွေ၊ ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီဝင်ဟောင်းတွေနဲ့ တည်ထောင်လိုက်တဲ့ "အမျိုးသားနိုင်ငံရေး ဒီမိုကရက်တစ် ပါတီ" ကိုတည်ထောင်ခွင့်ပြုလိုက်တာနဲ့ ပတ်သက်ပြီး ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ပြောရေးဆိုခွင့် ရှိသူ ဦးမြင့်နိုင်က RFA ကို အခုလိုပြောပါတယ်။
"ဟိုတစ်နေ့က မနေ့က မှတ်ပုံလာတင်ပါတယ်။ ဟုတ်ကဲ့ ၊ တည်ထောင်ခွင့်ကတော့ ပြီးခဲ့တဲ့ တစ်ပတ်ကျော်ကျော်ကပေါ့ ၊ ခုအမျိုးသားနိုင်ငံရေး ဒီမိုကရက်တစ်ပါတီဆိုပြီးတော့ တင်လာပါတယ်။ ဆွေးနွေးပြီးတော့ သူတို့ပြောင်းမယ်ဆိုပြီးတော့ ဖြစ်တာပါ။ သူတို့ထဲက ခေါင်းဆောင်နဲ့ ဒုခေါင်းဆောင်ရွေးပြီ်းတော့ မှတ်ပုံတင်ခွင့်လျှောက်ထားနိုင်တယ်ဆိုတဲ့အခါကျတော့ ခေါင်းဆောင်က ဦးစိုးမောင်နဲ့ ဒုခေါင်းဆောင်က ဦးကျော်သူတို့ ၂ ယောက်လာပီးတော့ မှတ်ပုံတင်ပါတယ်"
ပါတီတည်ထောင်လိုက်တာနဲ့ ပတ်သက်ပြီး "အမျိုးသား နိုင်ငံရေး ဒီမိုကရက်တစ် ပါတီ" ရဲ့ ခေါင်းဆောင်ဖြစ်တဲ့ ဦးစိုးမောင်ကို RFA က ဆက်သွယ်ချိန်မှာ မရှိကြောင်းနဲ့ အပြင်ထွက်သွားကြောင်းသာ ပြောပါတယ်။
တစ်ချိန်တည်းမှာလည်း ပြည်ထောင်စုလွှတ်တော် ဥပဒေပြုရေးနဲ့ အထူးကိစ္စရပ်များ လေ့လာသုံးသပ်ရေးကော်မရှင် ဥက္ကဋ္ဌ သူရဦးရွှေမန်းဟာလည်း "ပြည်ထောင်စု ကောင်းကျိုးဆောင် ပါတီ" အမည်နဲ့ ပါတီတည်ထောင်ခွင့် တင်ထားပါတယ်။
ဒါ့အပြင် ဦးရွေမန်းဦးဆောင်တဲ့ ပြည်ထောင်စုလွှတ်တော် ဥပဒေပြုရေးနဲ့ အထူးကိစ္စရပ်များ လေ့လာသုံးသပ်ရေး ကော်မရှင်ကို မနေ့က ကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော်မှာ မဲခွဲဆုံးဖြတ်ပြီး ဖျက်သိမ်းလိုက်တဲ့အတွက် နိုင်ငံရေးအရ စပ်ဆက်မှု၊ ပတ်သက်မှုတွေ ရှိတယ်လို့ ပါတီခေါင်းဆောင်အချို့က သုံးသပ်ကြပါတယ်။
တပ်မတော် အနေနဲ့ စစ်ဘက်မှာကော အရပ်ဘက်မှာပါ ပါဝင်လာတဲ့အပေါ် သုံးသပ်ပြောကြားလိုက်တာကတော့ "ပြည်သူ့ပါတီ" ဒုတိယဥက္ကဋ္ဌ ဦးမင်းဇေယျာပါ။
"၂၀၀၈ ဖွဲ့စည်းပုံမှာက စစ်တပ်ကိုသီးခြားအခွင့်အာဏာပေးထားတဲ့ သီးခြားအခွင့်အရေးပေးထားတဲ့ နေရာတွေရှိတယ်ဗျာ။ တရားဝင်ရထားတဲ့ သူတို့ရဲ့ စစ်တပ်ရဲ့ လုပ်ပိုင်ခွင့်ကိုရော နောက်ပြီးတော့ရွေးကောက်ပွဲမှာပါ သူတို့က နိုင်ငံရေး အာဏာကိုထပ်ရအောင်ကြိုးစားမယ်ဆိုတဲ့ သဘော။ တနည်းအားဖြင့်တော့ နှစ်ခုပေါင်းပြီး တော့ ရေရှည်မှာပါ စစ်တပ်ကပဲ ဦးဆောင်တဲ့ နိုင်ငံရေး အခန်းကဏ္ဍကို ပိုင်ပိုင်နိုင်နိုင်ကြိုးစားတဲ့ သဘောလို့ပဲ ကျနော် က သုံးသပ်တယ်။"
၂၀၁၅ ရွေးကောက်ပွဲမှာ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီကနေ ဒဂုံမြို့နယ် တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် အဖြစ်ဝင်ရောက် အရွေးချယ်ခံခဲ့တဲ့ ကိုယ်စားလှယ်ဟောင်း ဦးသိန်းကျော်ကတော့ ပြည်သူတွေ ဘက်က ရပ်တည်တဲ့ ပါတီကသာ ခေါင်းဆောင်မှု နေရာကိုရနိုင်မယ်လို့ သုံးသပ်ပြပါတယ်။
"ကျနော်တို့က ပါတီများတာ နည်းတာထက် ပြည်သူလူထုကို ဘယ်လောက်စည်းရုံးနိုင်သလဲ ၊ ပြည်သူလူထု ဘယ်လောက်လက်ခံနိုင်သလဲ၊ ပြည်သူ ဘယ်လောက်ထောက်ခံပေးနိုင်သလဲဆိုတာမှာပဲ အဓိကမူတည်တယ်လို့ မြင်ပါတယ်။ ဒါကကျနော် စိုးရိမ်စိတ်လဲ မရှိပါဘူးဗျာ။ သူတို့ကပါတီကြီးဖြစ်လာမယ် ၊ လူပိုများမယ်။ နောက်ငွေကြေးသုံးနိုင်မယ် ။ ဒါပေမယ့်ဒါက ခုနပြောသလို မဲရလာဒ်က ဘယ်လိုရှိလာမလဲဆိုတာ ရွေးကောက်ပွဲ ကျင်းပတဲ့အခါကျမှ သိမှာပါ။"
ဦးသိန်းကျော်က လက်ရှိမှာတော့ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီကနေ အနားယူထားသူလည်း ဖြစ်ပါတယ်။
ကချင်ပြည်နယ် ဒီမိုကရေစီပါတီ KSDP ဥက္ကဋ္ဌ ဦးတူးဂျာကတော့ တိုင်းရင်းသားပါတီတွေ အနေနဲ့ လူထုထောက်ခံမှု ရအောင် ကြိုးစားသွားမှာ ဖြစ်တဲ့အတွက် စိတ်ပူပန်မှု မရှိဘူးလို့ ပြောပါတယ်။
"ခေတ်စနစ်မှာ နိုင်ငံတော်မှာ နိုင်ငံရေး အင်အားစုတစ်ရပ် လိုအပ်ချက်အရပေါ့နော် ၊ အမျိုးသားနိုင်ငံရေး အင်အားစုတစ်ရပ်အနေနဲ့ တပ်မတော် အစိုးရလက်ထက်က ပေါ်ထွက်ခဲ့တာမှန်ပေမဲ့ ကျနော်တို့ ဦးသန်းရွှေပါတီ မဟုတ်ဘူး ။ ဦးရွှေမန်းပါတီလဲ မဟုတ်ဘူး ၊ ဦးသိန်းစိန်ပါတီလဲ မဟုတ်ဘူး ၊ ကျနော်တို့က နိုင်ငံသားအားလုံးပါဝင်မူရှိတဲ့ ၊ နိုင်ငံသားအားလုံးကို ကိုယ်စားပြုတဲ့ ပြည်ထောင်စုပါတီကြီးဖြစ်တယ်။ နိုင်ငံရေးပါတီ အားလုံးက နိုင်ငံတော်နဲ့ နိုင်ငံသား အကျိုးအတွက် ကျနော်တို့နဲ့ ရပ်တည်ချက်ချင်းတူတယ်ဆိုရင် ပူးပေါင်းပါဝင်ဆောင်ရွက်သွားဖို့ အသင့်ပဲ ။ ဦးရွှေမန်းပါတီမှ ၊ ဦးစိုးမောင်မှ မဟုတ်ဘူး ။ NLD ပါတီ အပါအဝင် နိုင်ငံရေးပါတီ အားလုံးကို ပြောချင်တာ"
အငြိမ်းစား ဗိုလ်ချုပ်မှူးကြီးဟောင်းဦးသန်းရွှေ ဦးဆောင်တည်ထောင်ခဲ့တဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီအနေနဲ့ကတော့ လက်ရှိအချိန်မှာ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီဟာ လူပေါ်မူတည်ပြီး ဖွံ့စည်းထားတဲ့ အဖွဲ့အစည်းပါတီ မဟုတ်ကြောင်း ပါတီရဲ့ ပြောရေးဆိုခွင့် ရှိသူ ဒေါက်တာနန္ဒာလှမြင့်က RFA ကိုပြောပါတယ်။
အာဏာရပါတီဖြစ်တဲ့ NLD အနေနဲ့ ပြည်သူဆုံးဖြတ်နိုင်စွမ်း ရှိတဲ့အတွက် ပြည်သူတွေကသာ အဆုံးအဖြတ်ပေးလိမ့်မယ် NLD ပါတီရဲ့ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွန့်က ပြောပါတယ်။
"ကျွန်တော်တို့ ပါတီကတော့ ဒီမိုကရေစီကို ရည်ရွယ်ပြီး ဖွဲ့စည်းတဲ့ပါတီဆိုရင် အားလုံးကို ကြိုဆိုပါတယ်ခင်ဗျ၊ ပါတီ အရည်အတွက် များလာတော့လည်း နောက်ဆုံးမှာ ပြည်သူကပဲ အဆုံးအဖြတ်ပေးသွားမှာပါ၊ အဲ့တော့ ကျွန်တော်တို့ ဘာမှ စိုးရိမ်မှုမရှိပါဘူး"
လက်ရှိအချိန်မှာ တပ်မတော်သား အငြိမ်းစားအရာရှိဟောင်းတွေပါဝင်တဲ့ ပါတီ တွေထဲမှာ အငြိမ်းစား ဗိုလ်ချုပ်မှူးကြီး ဟောင်းဦးသန်းရွှေ ဦးဆောင်တည်ထောင်ခဲ့တဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ၊ အငြိမ်းစား ဗိုလ်ချုပ် ဟောင်းတွေ ဦးဆောင်တည် ထောင်ထားတဲ့ "အမျိုးသားနိုင်ငံရေး ဒီမိုကရက်တစ် ပါတီ"နဲ့ သူရဦးရွှေမန်း ဦးဆောင်တဲ့ "ပြည်ထောင်စု ကောင်းကျိုး ဆောင်ပါတီ"တွေဟာ လာမယ့် ၂၀၂၀ ရွေးကောက်ပွဲမှာ ပါဝင်လာမှာ ဖြစ်ပါတယ်။
ဒီသတင်းကို RFA သတင်းထောက် ကိုအောင်သိင်္ခ ပေးပို့တာပါ။