မြန်မာရဲ့ ဥက္ကဋ္ဌနေရာအရေး ဒေသတွင်းနိုင်ငံတွေနဲ့ ဆွေးနွေးမည်
2011.10.30

မနေ့ည ၉ နာရီခွဲလောက်က ရန်ကုန်မြို့ ဆီဒိုးနား ဟိုတယ်မှာ အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး မစ္စတာ မာတီ နာတာလီဂါဝါက သတင်းစာရှင်းလင်းပွဲတရပ် ကျင်းပခဲ့ပါတယ်။ နာရီဝက်လောက် ကြာတဲ့ အဲဒီ သတင်းစာရှင်းလင်းပွဲမှာ မြန်မာနဲ့ နိုင်ငံတကာ သတင်းထောက်တွေရဲ့ မေးမြန်းချက်တွေကို ပြန်လည်ဖြေကြားစဉ်မှာ- မြန်မာပြည်မှာ ပြောင်းလဲမှုတချို့ တွေ့မြင်ခဲ့ရကြောင်း ပြောဆိုခဲ့တယ်လို့ သတင်းစာရှင်းလင်းပွဲ တက်ရောက်ခဲ့တဲ့ စာရေးဆရာ ကိုကို (စက်မှုတက္ကသိုလ်) က ပြောပါတယ်။
သတင်းစာ ရှင်းလင်းပွဲကို တက်ရောက်ခဲ့သူ နိုင်ငံခြား သတင်းဌာန သတင်းထောက်တယောက်ကလည်း အာစီယံ အလှည့်ကျဥက္ကဋ္ဌ ဖြစ်ရေးကိစ္စကို ကျန်တဲ့ အဖွဲ့ဝင်နိုင်ငံ အားလုံးနဲ့ ဆွေးနွေး တိုင်ပင်ပြီးမှ ဆုံးဖြတ်မှာဖြစ်ကြောင်း အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီးက ပြောသွားတယ်လို့ ဆိုပါတယ်။
နေပြည်တော်မှာတော့ ၂ဝ၁၄ အာစီယံ အလှည့်ကျဥက္ကဋ္ဌ ဖြစ်လာရင် ထိပ်သီး အစည်းအဝေးတွေနဲ့ ဒေသဆိုင်ရာ အထင်ကရ အစည်းအဝေးတွေ လက်ခံ ကျင်းပနိုင်မယ့် အဆောက်အဦးတွေ ဆောက်လုပ်နေကြောင်း၊ အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီးကလည်း အဲဒီ ဆောက်လုပ်ရေး စီမံကိန်းတွေကို နေပြည်တော်မှာ လေ့လာခဲ့ကြောင်း ဦးကိုကိုက ပြောပါတယ်။