မွန်ခေါင်းဆောင် နိုင်ငွေသိမ်း ဈာပန
2018.10.06

မြန်မာ့နိုင်ငံရေးမှာ ငြိမ်းချမ်းတဲ့နည်းနဲ့ ဖက်ဒရယ်ဒီမိုကရေစီ ရရှိရေး တန်းတူညီမျှရေး ရရှိဖို့ ကြိုးစားခဲ့တဲ့ ဝါရင့် နိုင်ငံရေးသမား မွန်အမျိုးသားခေါင်းဆောင် နိုင်ငွေသိမ်းရဲ့ ရုပ်အလောင်းကို ဒီကနေ့ ရေဝေး သုဿာန်မှာ မီးသဂြိုလ်ခဲ့ပါတယ်။
နိုင်ငွေသိမ်းရဲ့ သားဖြစ်သူ မင်းတင်နိုင်ဦးက ဖခင်ဖြစ်သူဟာ အခွင့်အရေးမယူဘဲ မွန်တစ်မျိုးသားလုံးအတွက် အလုပ်လုပ်ခဲ့တဲ့သူ တစ်ဦးဖြစ်တယ်လို့ ပြောပါတယ်။
"အဖေကတော့ သူလုပ်ခဲ့တဲ့ ဘဝတစ်လျှောက်လုံး မွန်အမျိုးသားအရေးအတွက်ပဲ သူလုပ်ခဲ့တာပေါ့လေ။ ဘာမှလည်း အခွင့်အရေးမယူ အကျိုးအမြတ်တွေ မယူဘဲနဲ့ သူအသက်စွန့်တဲ့အထိ လုပ်သွားခဲ့တာပေါ့။ သူ့ရဲ့လုပ်ငန်းတွေကို ကျနော်က နောက်ကနေပြီးတော့ ထောက်ပံ့ပေးတာပေါ့လေ။ ကျနော်က တစ်ဦးတည်းသော သားဆိုတော့ ကျနော်ပါ တစ်ခုခုဖြစ်ခဲ့ရင် အကျဉ်းကျခဲ့ရင် ထောက်ပံ့မယ့်သူမရှိခဲ့ရင် သူ့အတွက်စိုးရိမ်လို့ပါခင်ဗျ"
နိုင်ငွေသိမ်းဟာ လက်ရှိအစိုးရ အဖွဲ့ဝင်တွေ၊ NLD ခေါင်းဆောင်တွေနဲ့အတူ ဒီမိုကရေစီ ရရှိရေး ကြိုးပမ်း ဆောင်ရွက်ခဲ့သူလည်း ဖြစ်ပါတယ်။
မွန်ပြည်သစ်ပါတီရဲ့ ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ နိုင်အောင်မငေးက အခုလိုပြောပါတယ်။
"အဘ မရှိတော့ ကျနော်တို့ကို ပဲ့ထိန်းတဲ့လူတစ်ယောက်တော့ လျော့သွားတာပေါ့နော်။ သူကဘာလို့လဲဆိုတော့ ဖက်ဒရယ် အစကို အုတ်မြစ်ချခဲ့တဲ့ ခေါင်းဆောင်"
ဒီကနေ့ နိုင်ငွေသိမ်းရဲ့ နာရေးအခမ်းအနားကို တိုင်းရင်းသား နိုင်ငံရေးပါတီခေါင်းဆောင်တွေ တက်ရောက်ခဲ့ကြ သလို ရန်ကုန်တိုင်းအစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်း တက်ရောက်ခဲ့ပေမယ့် NLD ပါတီ ခေါင်းဆောင်ပိုင်းတွေ မတက်ရောက်ခဲ့ကြပါဘူး။
နိုင်ငွေသိမ်းဟာ ၂၁ ရာစုပင်လုံ ညီလာခံစတင်ဖြစ်လာဖို့အတွက် ကလေးမြို့ ကြေငြာစာတမ်းကို လက်ရှိ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ပေးအပ်ခဲ့သူဖြစ်ပါတယ်။
NLD ပါတီအပါအဝင် နိုင်ငံရေးပါတီ၊ တိုင်းရင်းသား အဖွဲ့အစည်းတွေနဲ့ အခြား နိုင်ငံရေး အရပ်ဖက် အဖွဲ့အစည်းတွေ က ဝမ်းနည်းကြောင်းသဝဏ်လွှာ ပေးပို့ခဲ့ကြပါတယ်။
မွန်အမျိုးသားပါတီ ဥက္ကဋ္ဌအဖြစ် တာဝန်ထမ်းဆောင်ခဲ့တဲ့ ဝါရင့် နိုင်ငံရေးသမားကြီး နိုင်ငွေသိမ်း (အသက် ၉၅ နှစ်) ဟာ ၂ဝ၁၈ အောက်တိုဘာလ ၂ ရက်နေ့ ညနေပိုင်းက ရန်ကုန် ရန်ကင်းမြို့နယ်က နေအိမ်မှာ ကွယ်လွန်သွားခဲ့တာ ဖြစ်ပါတယ်။
နိုင်ငွေသိမ်းဟာ မြန်မာနိုင်ငံ လွတ်လပ်ရေးကြိုးပမ်းမှုမှာ ပါဝင်ခဲ့သူဖြစ်ပြီး၊ လွတ်လပ်ရေးရပြီးချိန်ကလို့ နိုင်ငံရေးပုဒ်မနဲ့ အကြိမ်ကြိမ် ဖမ်းဆီး အကျဉ်းချခံခဲ့ရပါတယ်။
၁၉၈၈ ခုနှစ် ဒီမိုကရေစီရေး လူထုအုံကြွမှုအပြီးမှာ မွန်အမျိုးသားဒီမိုကရေစီအဖွဲ့ (MNDF) ကို ဦးဆောင် ထူထောင်ခဲ့သူ တစ်ဦး ဖြစ်ပါတယ်။
၁၉၉ဝ ပြည့်နှစ် ရွေးကောက်ပွဲအပြီးမှာ ပါတီဖျက်သိမ်းခံရပြီးနောက် ၂ဝ၁၂ ခုနှစ်မှာ မွန်ဒီမိုကရေစီပါတီ (MDP) အမည်နဲ့ ပါတီကို ပြန်လည်မှတ်ပုံတင်ပြီး ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ခဲ့ပါတယ်။