နိုင်ကျဉ်းမိသားစု ပညာရေးအတွက် မေတ္တာ အိုးဝေ ဖောင်ဒေးရှင်း ထောက်ပံ့


2014.08.08
myittal-foundations-305 ရန်ကုန်မြို့ ၈၈မျိုးဆက်ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းရုံးခန်းမှာ သြဂုတ်လ ၈ ရက်နေ့က မေတ္တာအိုးဝေဖောင်ဒေးရှင်းကို စတင်ဖွင့်လှစ်စဉ်
Photo: Kyaw Lwin Oo /RFA

ရွှေပါရမီတောရ ဆရာတော် အရှင်ဆန္ဒာဓိက လှူဒါန်း မတည်ထားတဲ့ မေတ္တာအိုးဝေဖောင်ဒေရှင်းက  နိုင်ငံရေး အကျဉ်းသားဟောင်းတွေရဲ့ သားသမီးတွေအတွက် ပညာရေးထောက်ပံ့ပွဲကို ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းရုံးခန်းမှာ သြဂုတ်လ မနေ့က ကျင်းပခဲ့ပါတယ်။

မေတ္တာအိုးဝေ ဖေါင်ဒေးရှင်း တည်ထောင်ဖို့ ဖြစ်လာရတဲ့ ရည်ရွယ်ချက်ကို ရွှေပါရမီတောရဆရာတော် အရှင်ဆန္ဒာဓိကက အခမ်းအနားမှာ အခုလို မိန့်ကြားခဲ့ ပါတယ်။

"ထောင်ထဲမှာ အကျဉ်းကြခဲ့တဲ့နှစ်တွေ ရှိခဲ့တဲ့အ တွက် ကိုယ့်ရဲ့မိသားစု စားဝတ်နေရေး မိသားစုဘဝ ရပ်တည်ရေးအတွက်ကို အများကြီးနှောက်နှေး ခဲ့ပါတယ် လစ်ဟာကွက်တွေရှိပါတယ် နိုင်ငံတစ် နိုင်ငံကောင်းဖို့အတွက် နိုင်ငံရေးအလုပ်ကို အချိန်ပြည့် စိတ်နှစ်ပြီးတော့လုပ်နိုင်ဖို့အတွက် ကိုယ့်ရဲ့ ကိုယ်ရေး ကိုယ်တာ မိသားစုဘဝမှာ လိုအပ်နေတဲ့ လစ်ဟာနေတဲ့ ကွက်လပ်လေးကို နိုင်ငံရေးမလုပ်တဲ့သူတွေက ဖြည့် ဆည်းပေးသင့်တယ်လို့ ယုံကြည်တဲ့အတွက် ဦးဇင်းစွမ်းနိုင်သမျှ ဖြည့်ဆည်းပေးတဲ့သဘောပါ"

အဲဒီ မေတ္တာအိုးဝေဖေါင်ဒေးရှင်းကို ကိုမင်းကိုနိုင် နဲ့ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းက တာဝန်ယူမှာ ဖြစ်ပါတယ်။ ဒီနေ့ အခမ်းအနားမှာ ကိုမင်းကိုနိုင်က မေတ္တာအိုးဝေဖောင်ဒေးရှင်းနဲ့ ပတ်သက်ပြီး အခုလိုပြောပါတယ်။

"ပညာရေးနဲ့ ကျန်းမာရေးလို့ မိန့်ထားတော့ ကျနော်တို့ ကျန်းမာရေးကိစ္စကိုလည်း ဆက်စဉ်းစားပါ့မယ် အခု အရင်ဆုံးစပြီးတော့ ပညာရေးကိုငွေသားမပေးသေးပဲနဲ့ သင်ကြားမှုအထောက်အကူပစ္စည်းတွေ လှူခြင်းနဲ့ စတာ နည်းတယ်များတယ်လို့ မအောင့်မေ့ပဲနဲ့ မေတ္တာလို့သာခံစားပါ ကျနော်တို့အချင်း ချင်း နွေးနွေးထွေးထွေးရှိတယ်ဆိုတာက တန်ဖိုးရှိပါတယ်၊ အဲ့ဒီသက်ဆိုင်တဲ့ နိုင်ငံရေးအကျဉ်း သားဟောင်းတွေရဲ့ သားသမီးတွေကတော့ ရမှာပါ ဒါမူအတိုင်းကို မျှတအောင် အမြဲတမ်းလုပ်မယ် နောက် ပိုင်းတော့ ထူးချွန်တဲ့ကလေးတွေကို မြေထောင်မြှောက်ပေးရဖို့တော့ ရှိကောင်းရှိပါတယ်"

ဒီအခမ်းအနားမှာ မေတ္တာအိုးဝေဖောင်ဒေးရှင်းက ပထမဆုံးအနေနဲ့ နိုင်ငံရေးအကျဉ်းသားဟောင်းတွေရဲ့ ကလေးတွေကို စာအုပ်၊ ဘောပင် စတာတွေကို ပေးအပ်ခဲ့ပါတယ်။

ရွှေပါရမီတောရဆရာတော် အရှင်ဆန္ဒာဓိကက ပြီးခဲ့တဲ့နှစ်က ကျင်းပခဲ့တဲ့ ရှစ်လေးလုံး ငွေရတုအခမ်းအနားမှာ ကျပ်သိန်း၂၅ဝ မတည်လှူဒါန်းခဲ့ပြီး ဒီနှစ်မှာ ကျပ်သိန်း ၁၅ဝ ထပ်မံလှူဒါန်းခဲ့ပါတယ်။

ဒါ့အပြင် အင်္ဂလန်ဆရာတော် ဦးဥတ္တရကလည်း မေတ္တာအိုးဝေဖောင်ဒေးရှင်းကို ငွေကျပ် ၅သိန်း လှူဒါန်းခဲ့ပါတယ်။

ဒီကနေ့ အခမ်းအနားကို ဆရာတော် အရှင်ဆန္ဒဓိက၊ အင်္ဂလန်ဆရာတော် ဦးဥတ္တရ၊ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းခေါင်းဆောင်တွေ၊ နိုင်ငံရေးအကျဉ်းသားဟောင်းတွေနဲ့  မိသားစုဝင်တွေ တက်ရောက်ခဲ့ကြပါတယ်။

ဖောင်ဒေးရှင်းဖြစ်မြောက်အောင် မတည်လှူဒါန်းခဲ့တဲ့ ဆရာတော် အရှင်ဆန္ဒာဓိကကို RFA သတင်းထောက် ကိုမျိုးဇော်ကို တွေ့ဆုံလျှောက်ထားခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။