RI အဖွဲ့ကို တားမြစ်ရာမှာ ပါဝင်သူ ၃ ဦးကို အမှုဖွင့်


2017.10.29
myaypone-refugees-camp-622.jpg ရခိုင်ပြည်နယ် မြေပုံမြို့နယ်က မွတ်စလင်ဒုက္ခသည်စခန်းကို တွေ့ရစဉ်
Photo: RFA

ရခိုင်ပြည်နယ် မြေပုံမြို့နယ်က မွတ်စလင်ဒုက္ခသည်စခန်းကို ကျန်းမာရေး စောင့်ရှောက်မှုပေးဖို့ သွားတဲ့ အပြည်ပြည်ဆိုင်ရာ ကယ်ဆယ်ရေးအဖွဲ့ Relief International ကို တားမြစ်ရာမှာ ပါဝင်ခဲ့တဲ့ ရခိုင် အမျိုးသမီး ကွန်ယက် အဖွဲ့ဝင်နှစ်ယောက်နဲ့ မြို့မိမြို့ဖ တစ်ယောက်ကို ငြိမ်းချမ်းစွာ စုဝေးခွင့်နဲ့ စီတန်းလှည့်လည်ခွင့် ဥပဒေ ပုဒ်မ ၁၉ နဲ့ မြေပုံမြို့နယ်ရဲစခန်းမှာ အမှုဖွင့်ထားပါတယ်။

အမှုဖွင့်ထားတာ မှန်ပေမယ့် အခုအချိန်အထိ ရဲတပ်ဖွဲ့က ခေါ်ယူစစ်ဆေးတာမျိုး မရှိသေးဘူးလို့ အမှုဖွင့်ခံထားရသူ တစ်ယောက်ဖြစ်တဲ့ ရခိုင်အမျိုးသမီးကွန်ယက် အတွင်းရေးမှူး ဒေါ်အေးဝင်းကြည်က  ပြောပါတယ်။

"ရဲကတော့ မခေါ်သေးဘူး။ ဘယ်နေ့ခေါ်မှာလဲတော့ မသိသေးဘူး။ တရားလိုကတော့ ရဲမှူးပေါ့။ အဲဒီနေ့ကတော့ ကျမတို့ ဘယ်လိုဆိုမလဲ အဖွဲ့အစည်းတွေ အကုန်ပါပြီး မြို့ကလူတွေ တအားပါတာ။ ကျမတို့ ဦးဆောင်တဲ့သူတွေ မဟုတ်ပါဘူး။ အဲဒီတုန်းက မြို့နယ် အုပ်ချုပ်ရေးမှူး ဦးတင်ရွှေက မေး ပါတယ်။ ဒီအဖွဲ့ထဲမှာ ဘယ်သူခေါင်းဆောင်လဲမေးတော့ အကုန်မြို့မှာရှိတဲ့သူတွေ အဲဒီနားမှာ လူ ၃ဝဝ လောက် ရှိတယ်နော်။ ၃ဝဝ၊ ၄ဝဝ လောက်ရှိတယ်။ အဲဒီလူတွေက ကျမတို့ အကုန်ခေါင်းဆောင် ဆိုပြီး ပြောတာ။ အခုတရားစွဲတော့ ကျမတို့ သုံးယောက်တည်းကို တရားစွဲတာ။ ဒါကတော့ မတရားဘူးပေါ့"

အောက်တိုဘာလ ၂၅ ရက်နေ့က ပြည်နယ် အစိုးရ ခွင့်ပြုချက်နဲ့ မြေပုံမြို့နယ်က မွတ်စလင် ဒုက္ခသည်စခန်းကို ကျန်းမာရေး စစ်ဆေးပေးဖို့လာတဲ့ RI အဖွဲ့ကို မြို့ခံတွေပါဝင်တဲ့ လူ ၁၀၀ ဝန်းကျင်က တားမြစ်ခဲ့တာဖြစ်ပါတယ်။

ဒါကြောင့် RI အဖွဲ့ဟာ မွတ်စလင် ဒုက္ခသည်စခန်းကို မသွားနိုင်ဘဲ လှည့်ပြန်ခဲ့ရပါတယ်။

အဲဒီလိုတားမြစ်ခဲ့တဲ့ကိစ္စနဲ့ပတ်သက်ပြီး ရခိုင်အမျိုးသမီးကွန်ယက် ဥက္ကဌ ဒေါ်ခင်သိန်း၊ အတွင်းရေးမှူး ဒေါ်အေးဝင်းကြည် နဲ့ မြို့မိမြို့ဖတစ်ယောက်ဖြစ်တဲ့ ဦးသန်းညွန့် တို့ကို  အမှုဖွင့်လိုက်တာ ဖြစ်ပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး မြေပုံမြို့နယ်က ရဲတပ်ဖွဲ့ကို ဆက်သွယ်ခဲ့ပေမယ့် ပြန်လည်ဖြေကြားမှု မရှိပါဘူး။

မြေပုံမြို့မှာ ပြီးခဲ့တဲ့ စက်တင်ဘာလတုန်းကလည်း အမျိုးသမီးတစ်ယောက်ကို မွတ်စလင်တွေကို ရိက္ခာရောင်းတယ် လို့ဆိုပြီး လူစုလူဝေးနဲ့ ရိုက်နှက်တာနဲ့ သစ္စာဖောက်ဆိုတဲ့ ဆိုင်းဘုတ်ကို လည်ပင်းမှာ ဆွဲခိုင်းပြီး မြို့ကို ပတ်ခိုင်း တာတွေ ဖြစ်ခဲ့ပါသေးတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။