မြေပုံမြို့နယ်မှာ မိုင်းပေါက်ကွဲမှု ဥပဒေနဲ့အညီ အရေးယူမည်
2019.06.05
ရခိုင်ပြည်နယ် မြေပုံမြို့နယ်အတွင်း ရန်ကုန်-စစ်တွေကားလမ်းဘေးမှာ AA ရက္ခိုင့်တပ်တော်က ထောင်ထားတဲ့ မိုင်း ခုနှစ်လုံး မနေ့က ပေါက်ကွဲခဲ့တာနဲ့ပတ်သက်ပြီး ဥပဒေနဲ့အညီ အရေးယူဖို့ ရဲတပ်ဖွဲ့က ဆက်လက်ဆောင်ရွက်နေတယ်လို့ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောပါတယ်။
ရန်ကုန်-စစ်တွေကားလမ်းဘေးမှာ မနက် ၇ နာရီက မိုင်း နှစ်လုံး အရင်ပေါက်ကွဲခဲ့တာဖြစ်ပြီး တံတားနဲ့ ကားလမ်းအနည်းငယ်သာ ပျက်စီးခဲ့တယ်လို့ ဖော်ပြထားပါတယ်။ နေ့ခင်းမှာလည်း မိုင်း ငါးလုံး ထပ်မံပေါက်ကွဲခဲ့ပြီး ထိခိုက်ပျက်စီးမှု မရှိဘူးလို့ ဆိုပါတယ်။
ဒီပေါက်ကွဲမှုတွေကြောင့် လူနဲ့ တိရိစ္ဆာန် ထိခိုက်ဒဏ်ရာရတာတော့ မရှိဘူးလို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်ထားပါတယ်။
AA ပြောခွင့်ရသူ ခိုင်သုခကတော့ မိုင်းခွဲတိုက်ခိုက်ခဲ့တယ်ဆိုတာ တပ်မတော်က စွပ်စွဲတာသာဖြစ်ပြီး မနေ့က မိုင်းခွဲတိုက်ခိုက်တာတွေ လုံးဝမပြုလုပ်ခဲ့ကြောင်းနဲ့ ရက္ခိုင့်တပ်တော်အနေနဲ့ တပ်မတော်ယာဉ်တန်းတွေကိုသာ မိုင်းခွဲတိုက်ခိုက်လေ့ရှိပြီး အများပြည်သူကို ထိခိုက်စေမယ့် မိုင်းခွဲတာတွေ လုံးဝမပြုလုပ်ကြောင်း ငြင်းဆိုပါတယ်။