ရခိုင်ကျေးရွာပေါင်း ၁၀၀ ကျော်ကို ချေးငွေ သန်း သုံးထောင် ပေးမည်
2016.07.26

မွေးမြူရေး၊ ရေလုပ်ငန်းနဲ့ ကျေးလက်ဒေသ ဖွံ့ဖြိုးရေးဝန်ကြီးဌာနက အကောင်အထည်ဖော်နေတဲ့ မြစိမ်းရောင်ကျေး ရွာ စီမံကိန်းအတွက် ဒီနှစ်အတွင်း ရခိုင်ပြည်နယ်က ကျေးရွာပေါင်း ၁၀၀ ကျော်မှာ ငွေကျပ် သန်း သုံးထောင်ကျော် ထုတ်ချေးသွားမှာဖြစ်ပါတယ်။
ရခိုင်ပြည်နယ်မှာ လွန်ခဲ့တဲ့၂၀၁၄ ခုနှစ်က ချေးငွေ စတင်ထုတ်ေပးခဲ့တာဖြစ်ပြီး ဒီနှစ်အထိဆိုရင် ကျေးရွာပေါင်း ၄၀၀ ကျော်အတွက် ချေးငွေ ကျပ် ၁၂ ဘီလီယံအထိ သုံးစွဲပြီးဖြစ်တယ်လို့ စစ်တွေခရိုင် ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှူး ဦးအောင်သန်း က ပြောပါတယ်။
"ကျနော်တို့ မြစိမ်းရောင်ကျေးရွာစီမံကိန်းက ရခိုင်ပြည်မှာ ၂၀၁၄၊ ၂၀၁၅ တည်းက စပြီးဆောင်ရွက် လာတာဖြစ်ပါတယ်၊ ၂၀၁၄၊ ၂၀၁၅မှာ ၈၅ ရွာ၊ ၂၀၁၅၊ ၂၀၂၆ မှာ ၂၁၂ ရွာ၊ ၂၀၁၆၊ ၂၀၁၇ မှာ ၁၀၄ ရွာ၊ ဒီနေ့ထိပေါ့၊ ကျနော်တို့ရခိုင်ပြည်မှာ ၄၀၁ ရွာ၊ တစ်ရွာကိုသိန်း ၃၀၀၊ ဘီလီယံ ၁၂ ဘီလီ ယံလောက်ထိ ကျနော်တို့ငွေချေးပေးထားပြီဖြစ်ပါတယ်"
မြစိမ်းရောင်ကျေးရွာစီမံကိန်းအတွက် ချေးငွေတွေကို ရခိုင်ပြည်နယ် ၁၇ မြို့နယ်မှာ ထုတ်ပေးနေတာဖြစ်ပြီး အတိုးနှုန်းအနေနဲ့ ငွေကျပ် ၁၀၀ ကို ပြား ၅၀ ကနေ ၁ ကျပ်ခွဲနှုန်းအထိ ကျေးရွာကော်မတီတွေကတဆင့် ရွာခံတွေကို ချေးပေးနေတာဖြစ်ပါတယ်။
မြစိမ်းရောင်ကျေးရွာစီမံကိန်းဟာ အဲ့ဒီကျေးရွာရဲ့ နှစ်စဉ်လည်ပတ်နေတဲ့ရန်ပုံငွေဖြစ်ပြီး အစိုးရအနေနဲ့ ရရှိလာတဲ့ အတိုးနှုန်းတွေကိုလည်း ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းတွေမှာ သုံးစွဲနိုင်အောင်
ပြင်ဆင်ထားတယ်လို့ ဦးအောင်သန်း က ပြောပါတယ်။
ဒီနှစ်အတွက် ချေးငွေထုတ်ချေးရေးစီမံကိန်းမှာ စစ်တွေမြို့နယ် အုန်းရေပေါ်၊ အောင်မင်္ဂလာ၊ ကျောက်တန်းချေ၊ ပျားလည်ချောင်း၊ သုံးဆောင်ရွာ၊ ဇောပူဂျာ စတဲ့ကျေးရွာ ၆ ရွာအတွက် တစ်ရွာကို ငွေကျပ် သိန်း ၃၀၀ စီ ဒီနေ့ ပေးအပ်ခဲ့တာဖြစ်ပါတယ်။
ရခိုင်ပြည်နယ် ၁၇ မြို့နယ်မှာရှိတဲ့ ကျေးရွာပေါင်း ၃၇၀၀ ကျော်ထဲက သုံးနှစ်အတွင်း ကျေးရွာပေါင်း ၄၀၀ ကျော်မှာ ထုတ်ချေးပေးခဲ့တာဖြစ်ပြီး လာမယ့်နှစ်တွေမှာလည်းကျန်တဲ့ကျေးရွာတွေအတွက် ချေးပေးသွားမှာဖြစ်ပါတယ်။