မြန်မာ့စီးပွားရေးအကျပ်အတည်းကြောင့် ရန်ကုန်က ကိုရီးယားစက်ရုံ လုပ်ငန်းရပ်ဆိုင်း

RFA Burmese
2024.05.21
မြန်မာ့စီးပွားရေးအကျပ်အတည်းကြောင့် ရန်ကုန်က ကိုရီးယားစက်ရုံ လုပ်ငန်းရပ်ဆိုင်း ရန်ကုန်တိုင်း၊ မှော်ဘီမြို့နယ် မြောင်းတကာ စက်မှုဇုန်ရှိ CJ အစာထုတ်စက်ရုံအား ၂၀၂၀ ပြည့်နှစ် ဇွန်လ ၁၇ ရက်နေ့က တွေ့ရစဉ်။
Facebook/CJ FEED Myanmar

မြန်မာနိုင်ငံက လက်ရှိစီးပွားရေးအကျပ်အတည်းတွေရဲ့ သက်ရောက်မှုကြောင့် တောင်ကိုရီးယားအခြေစိုက် စီဂျေ ဖိဒ် မြန်မာ ကုမ္ပဏီ လီမိတက် (CJ FEED Myanmar) ရဲ့ ရန်ကုန်က တိရစ္ဆာန်အစာနဲ့ ကြက်သားပေါက်ထုတ်လုပ်ရောင်းချရေးလုပ်ငန်းကို မေလ ၂၈ ရက်ကစလို့ ယာယီရပ်ဆိုင်းမယ်လို့ ကုမ္ပဏီက ကြေညာပါတယ်။

လက်ရှိ စီးပွားရေးအကျပ်အတည်းတွေကြောင့် အရောင်းအဝယ်လုပ်ငန်းတွေ ခက်ခဲလာတာ၊ ကုန်ကြမ်းကုန်ကျစရိတ် များလာတာ၊ ကုန်ကြမ်းရရှိမှု ခက်ခဲတာနဲ့ လုပ်ငန်းလည်ပတ်ဖို့ လုပ်သားအင်အား မလုံလောက်တာတွေ ကြုံနေရတယ်လို့ ဆိုပါတယ်။

ပြည်တွင်းစီးပွားရေးကျပ်တည်းမှုက နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုကုမ္ပဏီတွေကိုပါ ရိုက်ခတ်လာတာ ဖြစ်ပေမဲ့ ပြည်တွင်းက တိရစ္ဆာန်အစာထုတ်လုပ်ရေး လုပ်ငန်းတွေအပေါ်မှာတော့ ထိခိုက်မှု ကြီးကြီးမားမား မရှိနိုင်ဘူးလို့ မွေးမြူရေးလုပ်ငန်းရှင်တစ်ဦးက RFA ကို ပြောပါတယ်။

“ပြည်တွင်းထဲမှာတော့ လုပ်ငန်းရှင်တွေအားလုံးက စီးပွားရေးတွေနဲ့ ပတ်သက်လို့ ဒီလိုအခြေအနေကို ရင်ဆိုင်နေကြရတာပဲ။ အခု CJ FEED ရပ်လိုက်ပေမဲ့ ပြည်တွင်းထဲမှာတော့ တခြား အစာထုတ်လုပ်ရေးလုပ်ငန်း တော်တော်များများတော့ ကျန်ပါသေးတယ်။ မွေးမြူရေးနဲ့ပတ်သက်လို့ အစာထုတ်လုပ်ငန်းတွေမှာတော့ ဒါက အရမ်းကြီးသက်ရောက်မှုတော့ မဖြစ်သေးပါဘူး”

CJ FEED Myanmar ရဲ့လုပ်ငန်းတွေ ပြန်လည်ပတ်မဲ့အချိန်ကိုတော့ တရားဝင်ထုတ်ပြန်ထားတာ မရှိသေးပါဘူး။

ကိုရီးယားနိုင်ငံအခြေစိုက် CJ FEED လုပ်ငန်းစုဟာ မြန်မာအပါအဝင် တရုတ်၊ ဗီယက်နမ်၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်၊ ကမ္ဘောဒီးယား အပါအဝင် နိုင်ငံပေါင်း ၁၅ နိုင်ငံမှာ တိရစ္ဆာန်အစာထုတ်လုပ်ရေးနဲ့ မွေးမြူရေးလုပ်ငန်းတွေ လုပ်ကိုင်နေပါတယ်။

စီးပွားရေးဆိုင်ရာ အချက်အလက်တွေဖော်ပြတဲ့ ဂျပန်အခြေစိုက် Nikkei Group ရဲ့ ဖော်ပြချက်အရ CJ FEED Myanmar ဟာ ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ်မှာ အမေရိကန်ဒေါ်လာ ၁၇ သန်းနီးပါးနဲ့ စတင်ရင်းနှီးမြှုပ်နှံပြီး လုပ်ငန်းလည်ပတ်ခဲ့တယ်လို့ ဆိုပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။