ထိုင်းနိုင်ငံ အယုဒ္ဓယခရိုင်မှာ မြန်မာအလုပ်သမား ၂၆၀ ကျော် ဖမ်းဆီးခံရ
2024.09.25

ထိုင်းနိုင်ငံ၊ အယုဒ္ဓယခရိုင် ဥထိုင်မြို့နယ်ထဲက ဆောက်လုပ်ရေး လုပ်ငန်းခွင်တစ်ခုကို စက်တင်ဘာလ ၂၄ ရက်နေ့မှာ ထိုင်းအာဏာပိုင်တွေက ရှောင်တခင် ဝင်ရောက်စစ်ဆေးချိန်မှာ အထောက်အထားမဲ့ မြန်မာအလုပ်သမား ၂၆၄ ဦး ဖမ်းဆီးခံခဲ့ရတယ်လို့ အလုပ်သမားအရေး ကူညီပေးနေသူတွေက ပြောပါတယ်။
ဖမ်းဆီးခံရသူတွေဟာ အသက် ၂၀ ကနေ ၃၅ နှစ်ကြား အမျိုးသား ၂၁၂ ဦးနဲ့ အမျိုးသမီး ၅၂ ဦး ဖြစ်ပါတယ်။
သူတို့ကို ထိုင်းနိုင်ငံဥပဒေတွေအရ အရေးယူပြီးနောက် မြန်မာနိုင်ငံကို ပြန်ပို့ခံရမဲ့ အခြေအနေနဲ့ ကြုံနေရတယ်လို့ ထိုင်းနိုင်ငံအခြေစိုက် မြန်မာပြည်သားများအရေး ပူးတွဲလှုပ်ရှားမှုကော်မတီ (JACBA) ဥက္ကဋ္ဌ ဦးမိုးကြိုးက RFA ကို ပြောပါတယ်။
“တရုတ်လူမျိုးပိုင်တဲ့ ဆောက်လုပ်ရေး လုပ်ငန်းခွင်ကို ဒေသခံဆိုင်ရာ အာဏာပိုင်တွေ၊ ထိုင်းအလုပ်သမား ဌာနတွေ အဲဒီ ပူးပေါင်းအဖွဲ့တွေက ရှောင်တစ်ခင်စစ်ဆေးတာ တရားမ၀င်မြန်မာ ၂၆၄ ဦး ဖမ်းမိတယ်။ သူတို့ကို ထိုင်းနိုင်ငံကို တရားမ၀င်နယ်စပ်ဖြတ်ကျော်တဲ့ ထိုင်းလ၀က ဥပဒေအရ အရေးယူမှာဖြစ်ပါတယ်။ အများစုကတော့ ထောင်ဒဏ် တစ်လခွဲ ကျခံရမှာဖြစ်ပြီးတော့ ထောင်ဒဏ်ကျခံပြီးတဲ့အခါမှာ မြန်မာနိုင်ငံနေရပ်ကို ပြန်ပို့ခံရမှာ”
အလုပ်သမားတွေရဲ့ ထွက်ဆိုချက်အရ သူတို့ဟာ တစ်ဦးကို ပွဲစားခ ဘတ် နှစ်သောင်းပေးပြီး မြ၀တီ - မဲဆောက်လမ်းကတစ်ဆင့် ထိုင်းနိုင်ငံကို ဝင်ရောက်ခဲ့တာလို့ ထိုင်းနိုင်ငံအခြေစိုက် သတင်းဌာနတွေမှာ ဖော်ပြပါတယ်။ မြန်မာနိုင်ငံက ပဋိပက္ခအခြေအနေတွေနဲ့ အလုပ်အကိုင်ရှားပါးတာကြောင့် ထိုင်းနိုင်ငံထဲက ဆောက်လုပ်ရေး လုပ်ငန်းခွင်ထဲမှာ လာရောက်အလုပ်လုပ်နေကြတာလို့ ဆိုပါတယ်။
အာဏာသိမ်းပြီးနောက် စစ်ရေးပဋိက္ခ ပြင်းထန်လာမှုတွေနဲ့ ပြည်သူ့စစ်မှုထမ်း ဥပဒေတွေကြောင့် မြန်မာလူငယ်တွေ ထိုင်းနိုင်ငံထဲကို နည်းလမ်းပေါင်းစုံနဲ့ ထွက်ပြေးခိုလှုံတာ များလာနေသလို ထိုင်းနိုင်ငံတွင်းမှာလည်း ဖမ်းဆီးမှုတွေကို တင်းတင်းကျပ်ကျပ် လုပ်ဆောင်လာနေပါတယ်။
အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ (NUCC) ကတော့ ထိုင်းနိုင်ငံကို ထွက်ပြေးတိမ်းရှောင်လာကြတဲ့ မြန်မာနိုင်ငံသားတွေကို ကူညီကယ်ဆယ်ပေးဖို့နဲ့ အထောက်အထားမဲ့ မြန်မာပြည်သူတွေကို ထိုင်းနိုင်ငံအတွင်းမှာ ယာယီ နေထိုင်ခွင့်ပေးတဲ့ အစီအစဥ်တွေ ရေးဆွဲအတည်ပြုပေးဖို့ အတွက် ထိုင်းအစိုးရကို တိုက်တွန်းထားပါတယ်။
ထိုင်းနိုင်ငံအတွင်း တရားမဝင် နိုင်ငံခြားသား အလုပ်သမားဖမ်းဆီးရေး ရက် ၁၂၀ စီမံချက်နဲ့ အာဏာပိုင်တွေက ဇွန်လကစလို့ ဖမ်းဆီးစစ်ဆေးနေပြီး စက်တင်ဘာလ ၁၉ ရက်နေ့အထိ မြန်မာနိုင်ငံသား နှစ်သိန်းနီးပါး ( ၁၉၃,၄၃၀ ဦး) ဖမ်းဆီးစစ်ဆေးခဲ့တယ်လို့ ထိုင်းအလုပ်သမားဝန်ကြီးဌာနက စက်တင်ဘာလ ၂၁ ရက်မှာ ထုတ်ပြန်ပါထားတယ်။