မူဆယ် PSDA စခန်း ဝင်ရောက်စီးနင်းခံရ ရွာသားတစ်ဦးသေဆုံး

2021.11.23
မူဆယ် PSDA စခန်း ဝင်ရောက်စီးနင်းခံရ ရွာသားတစ်ဦးသေဆုံး မူဆယ်မြို့က ပြည်သူ့လုံခြုံရေးနဲ့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေကို တွေ့ရစဥ်
Photo: PSDA
ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့က ပြည်သူ့လုံခြုံရေးနဲ့ ကာကွယ်ရေးတပ်ဖွဲ့ PSDA စခန်းဟာ စစ်တပ်နဲ့ ဌာနေပြည်သူ့စစ် ပူးပေါင်းအဖွဲရဲ့ ဝင်ရောက်စီးနင်းခံခဲ့ရပြီး ဒေသခံတစ်ယောက် သေနတ်မှန် သေဆုံးခဲ့တယ် လို့ PSDA က ထုတ်ပြန်ထားပါတယ်။
 
နိုဝင်ဘာ ၂၂ ရက် မနေ့မနက် ၅ နာရီခွဲဝန်းကျင်က အဲဒီစခန်းကို စစ်ကောင်စီတပ်က ဝိုင်းဖို့လုပ်နေချိန်မှာ PSDA တပ်ဖွဲ့နဲ့ ထိတွေ့မှုဖြစ်ပွားခဲ့ပြီး တူမီးသေနတ်နဲ့ အမဲလိုက်နေတဲ့ ရွာသားတစ်ယောက် စစ်ကောင်စီဘက် က ပစ်သတ်ခံရပြီး နေရာမှာပဲ မြေမြှုပ်ခံခဲ့ရတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
 
"သူတို့ကတော့ ရွာထဲကိုရောက်နေတာ ၃ နာရီလောက်ကတည်းက ရွာထဲကို ရှာနေတာပေါ့။ ရှာနေပြီး တော့ စခန်းကို ၅ နာရီခွဲလောက်မှာ တွေ့သွားခဲ့တယ်ခင်ဗျ။ ၁၀၅ မိုင် အမြှောက်တပ်ကလည်း လက်နက် ကြီးနဲ့ ပစ်တယ်။ ဒီဘက်မှာရှိတဲ့ တပ်ကလည်း လက်နက်ကြီးနဲ့ ထုတယ်"
 
ဒီတိုက်ပွဲမှာ လက်နက်အင်အားမမျှတာကြောင့် စခန်းကို ဆုတ်ခွာခဲ့ရတယ်လို့ PSDA က ထုတ်ပြန်ပါတယ်။ အဲဒီစခန်းရဲ့တည်နေရာကို PSDA က ထုတ်ပြန်ထားတာမရှိသလို ဒေသခံကလည်း RFA ကို မပြောခဲ့ပါဘူး။
 
အဲဒီတိုက်ပွဲမှာ နှစ်ဖက်စလုံး ထိခိုက်သေဆုံးတာမရှိခဲ့သလို ဒီပစ်ခတ်မှုနဲ့ ပတ်သက်လို့ RFA အနေနဲ့ သီးခြား အတည်မပြုနိုင်သေးပါဘူး။
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။