မြန်မာနိုင်ငံမှာ ရုရှားငွေပေးချေမှုစနစ် Mir ကို အသုံးပြုဖို့ စစ်ကောင်စီ စီစဉ်နေ

2022.09.20
မြန်မာနိုင်ငံမှာ ရုရှားငွေပေးချေမှုစနစ် Mir ကို အသုံးပြုဖို့ စစ်ကောင်စီ စီစဉ်နေ ရုရှားရူဘယ်ဒင်္ဂါးများနှင့် ငွေစက္ကူများကို ၂၀၂၁ ခုနှစ် ဩဂုတ်လ ၁၃ ရက်နေ့က တွေ့ရစဉ်။
Photo: AFP

ရုရှားနိုင်ငံနဲ့ နီးစပ်တဲ့ နိုင်ငံတွေမှာ လက်ခံအသုံးပြုနေတဲ့ Mir ဆိုတဲ့ ရုရှားငွေပေးချေမှု စနစ်ကို မြန်မာနိုင်ငံမှာ အသုံးပြုနိုင်ဖို့ စီစဉ်နေတယ်လို့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ် ဇော်မင်းထွန်းက စက်တင်ဘာလ ၂၀ ရက် ဒီနေ့ နေပြည်တော်မှာ ပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ထည့်သွင်းပြောခဲ့ပါတယ်။

"ရုရှားနိုင်ငံခရီးစဉ်မှာ ဗဟိုဘဏ်အချင်းချင်း ဆွေးနွေးမှုတွေ ရှိပါတယ်။ စီးပွားရေးနဲ့ ကုန်သွယ်မှုဆိုင်ရာ ဆက်စပ် လုပ်ငန်းတွေမှာ ရုရှားငွေကြေး ရူဘယ်နဲ့ ငွေပေးချေနိုင် ရေး၊ ငွေပေးချေမှုကို ဆောလျင်စွာ ပြုလုပ်နိုင်ရန်အတွက် ရုရှားနိုင်ငံက ပြုလုပ်တဲ့ Mir ကတ်ကို အသုံးပြုနိုင်ဖို့ ရုရှားငွေရေးကြေးရေးအဖွဲ့အစည်းတွေက ကူညီဆောင်ရွက်သွား မှာဖြစ်ပြီး ရုရှားနိုင်ငံရဲ့ Mir ကတ်ကို မြန်မာနိုင်ငံရဲ့ ငွေပေးချေမှုမှာ အသုံးပြုနိုင်ရေး ဆွေးနွေးလျက်ရှိပါတယ်"

Mir ကတ်ကတစ်ဆင့် ရုရှားငွေ ရူဘယ်နဲ့ မြန်မာကျပ်ငွေ တိုက်ရိုက်ငွေပေးချေမှု ပြုလုပ်နိုင်ဖို့ မျှော်လင့်ထားတယ်လို့လည်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောပါတယ်။

ရုရှားရဲ့ Mir ကတ်ဟာ မြန်မာနိုင်ငံက MPU ကတ်စနစ်နဲ့ ဆင်တူပြီး လက်ရှိ ဗီယက်နမ်၊ ကျူးဘား၊ ဘီလာရု၊ ဗင်နီဇွဲလား၊ တူရကီ စတဲ့ ရုရှားနဲ့နီးစပ်တဲ့ နိုင်ငံတွေမှာသာ လက်ခံ အသုံးပြုနေတာ ဖြစ်ပါတယ်။

ရုရှားနိုင်ငံဗဟိုဘဏ်နဲ့ မြန်မာဗဟိုဘဏ်တို့ နားလည်မှုစာချုပ် (MOU) ရေးထိုးသွားမယ် လို့လည်း စစ်ကောင်စီပြောခွင့်ရသူက ပြောပါတယ်။

Mir ကတ်ဟာ လက်ရှိမှာတော့ အမေရိကန်နိုင်ငံရဲ့ စီးပွားရေးပိတ်ဆို့မှုကြောင့် တချို့ဘဏ် တွေမှာ လက်ခံမှု မရှိတော့ဘူးလို့ ရန်ကုန်မြို့မှာနေထိုင်တဲ့ ပြည်သူတစ်ဦးက RFA ကို ပြောပါတယ်။

အမေရိကန်ရဲ့ စီးပွားရေးအပေါ် ပိတ်ဆို့မှုတွေ လုပ်ပြီးနောက်မှာတော့ စက်တင်ဘာလ ၁၉ ရက်နေ့မှာပဲ တူရကီနိုင်ငံက ဘဏ်နှစ်ခုဟာ ဒီ Mir ကတ်ကို လက်မခံတော့ဘူးလို့ Reuters သတင်းဌာနက မနေ့က ဖော်ပြထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။