အိန္ဒိယဝန်ကြီးချုပ်နဲ့ မြန်မာ သမ္မတ နှစ်နိုင်ငံသဘောတူညီချက် လက်မှတ်ရေးထိုး
2016.08.29

အိန္ဒိယနိုင်ငံကို လေးရက်ကြာ အလည်အပတ်ခရီး ရောက်နေတဲ့ မြန်မာသမ္မတ ဦးထင်ကျော်နဲ့ အိန္ဒိယဝန်ကြီးချုပ် နာရင်ဒရာ-မိုဒီတို့ ဒီကနေ့ တွေ့ဆုံဆွေးနွေးပြီး၊ နှစ်နိုင်ငံ သဘောတူညီချက် ၄ ချက်ကို လက်မှတ်ရေးထိုး သဘောတူခဲ့တယ်လို့ အိန္ဒိယနိုင်ငံခြားရေးဌာန ပြောခွင့်ရသူက ပြောကြားလိုက်ပါတယ်။
ဒီသဘောတူညီချက်တွေထဲမှာ အိန္ဒိယ-မြန်မာ-ထိုင်း သုံးနိုင်ငံသွားလမ်းမကြီးရဲ့ အစိတ်အပိုင်းဖြစ်တဲ့ တမူး-ကလေးဝ ကားလမ်းပိုင်းတလျောက် တံတား ၆၉ စီး တည်ဆောက်ရေးကိစ္စ၊ ကလေးဝ-ယာကြီးလမ်းပိုင်း အဆင့်မြင့်တင်ရေး ကိစ္စ၊ ရိုးရာဆေးဝါးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးကိစ္စနဲ့ သဘာဝစွမ်းအင်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးကိစ္စတွေ ပါဝင်တယ်လို့ သိရပါတယ်။
မြန်မာနိုင်ငံဟာ အိန္ဒိယနိုင်ငံအတွက် တခြားနိုင်ငံတွေနဲ့မတူတဲ့ ထူးခြားတဲ့ အိမ်နီးချင်းတိုင်းပြည်တစ်ခုဖြစ်ကြောင်း၊ ယဉ်ကျေးမှုနဲ့ သမိုင်းဆိုင်ရာ ဆက်စပ်မှုတွေဟာ နှစ်နိုင်ငံဆက်ဆံရေးမှာ ခိုင်မာတဲ့ အခြေခံ အုတ်မြစ်တွေဖြစ်ကြောင်း ခေါင်းဆောင် ၂ ဦးရဲ့ သတင်းစာရှင်းလင်းပွဲမှာ အိန္ဒိယဝန်ကြီးချုပ်က ပြောပါတယ်။
သမ္မတဦးထင်ကျော်ဟာ ပြီးခဲ့တဲ့စနေနေ့မှာ အိန္ဒိယနိုင်ငံ ဘီဟာပြည်နယ် ဗုဒ္ဓဂယာကို သွားရောက်ဘုရားဖူးခဲ့ပြီး၊ မနေ့က အင်္ဂရာမြို့က တာ့ချ်မဟာ နန်းတော်ကို သွားရောက်လေ့လာခဲ့ပါတယ်။