မြန်မာရဲတွေရှာနေတဲ့ အလှမယ်ဟန်လေး ကုလစောင့်ရှောက်မှုအောက်မှာ ရှိနေ

2022.09.23
မြန်မာရဲတွေရှာနေတဲ့ အလှမယ်ဟန်လေး ကုလစောင့်ရှောက်မှုအောက်မှာ ရှိနေ ၂ဝ၂၁ ခုနှစ်က ထိုင်းနိုင်ငံမှာ ကျင်းပသည့် Miss Grand International ပြိုင်ပွဲ ဝင်ပြိုင်ခဲ့သည့် အလှမယ်ဟန်လေး။
Photo : Miss Grand International

စစ်အာဏာသိမ်းတာကို နိုင်ငံတကာအလှမယ်ပြပွဲကနေ ဆန့်ကျင်လိုက်တဲ့ အလှမယ် ဟန်လေး ဟာ ဗီယက်နမ်နိုင်ငံကနေ စက်တင်ဘာလ ၂၁ ရက်နေ့ညက လေကြောင်းခရီးနဲ့ဝင်ရောက်လာတဲ့ အချိန်မှာ ထိုင်းအာဏာပိုင်တွေက ပြည်ဝင်ခွင့်မပေးပဲ လေဆိပ်မှာတားဆီးလိုက်ပါတယ်။

ဒီအကြောင်း ကို သတင်းမီဒီယာတွေက တင်ပြလိုက်ပြီးတဲ့နောက်မှာ သူစီးလာခဲ့တဲ့ ဗီယက်ဂျက် လေကြောင်းလိုင်းက သုဝဏ္ဏဘူမိလေဆိပ်အနားက ဟိုတယ်တခုမှာ သူတို့အစီအစဉ်နဲ့ တာဝန်ယူပြီး ခေတ္တစောင့်ရှောက် ထားပါတယ်။

ဟန်လေးကို ဒီကနေ့ မနက် ၁ဝ လောက်မှာ RFA က ဆက်သွယ်တဲ့အခါမှာ မြန်မာပြည်က ရဲတပ်ဖွဲ့ဝင်တချို့ ထိုင်းနိုင်ငံကို မနေ့ညက ရောက်နေပြီး သူ့ကို တွေ့ခွင့်ရဖို့ ထိုင်းအာဏာပိုင်တွေက တဆင့် ပြောဆိုခဲ့တဲ့အကြောင်းနဲ့ သူက ငြင်းပယ်လိုက်တဲ့အကြောင်း ပြောပါတယ်။

ဒီနေ့မနက်မှာတော့ သူ့ကို ထိုင်းလူဝင်မှုကြီးကြပ်ရေးနဲ့ ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးက အရာရှိတွေ လာရောက်တွေ့ဆုံမယ်လို့ အကြောင်းကြားထားတဲ့အတွက် စောင့်ဆိုင်းနေတယ်လို့ ပြောပါတယ်။

"အခု ထိုင်း အင်မီဂရေးရှင်း(လူဝင်မှုကြီးကြပ်ရေး) က စကားပြောချင်တယ်ဆိုပြီး request လုပ်လာလို့ ခဏစောင့်နေတာ။ လူချင်းတွေ့ဖို့ပြောနေတာ ညီမက လူချင်းမတွေ့ချင်ဘူး ဖုန်းနဲ့ ပြောပြပါရစေ ပြောတော့ သူတို့ဘက်လက်ခံမလား လက်မခံလား မသိဘူး။ UNHCR က ဘယ်သူနဲ့မှမတွေ့နဲ့ဦး ပြောထားလို့ သူတို့လာတဲ့ အထိစောင့်ပေးနေတာ။ မနေ့ညကတည်းက မြန်မာရဲတွေက ညီမကို ရှာနေတာ။ မနေ့ညက ၁၁ နာရီလောက်က အင်မီဂရေးရှင်းဘက်က ဖုန်းဆက်လာတယ်။ ညီမနားမှာ ဂရာင်းစတဖ် (လေကြောင်းလိုင်းက လေဆိပ်ဝန်ထမ်း) တွေရှိနေလို့ အဲဒီ ဂရောင်းစတဖ်ကိုဖုန်း ပေးခိုင်းပြီး သူတို့နဲ့ ပြောရတာ။ မြန်မာရဲတွေက ရောက်နေတယ်။ သူတို့က နင်နဲ့ စကားပြောချင်တယ် နင်ခွင့်ပြုတယ်ဆိုရင် ငါတို့ဘက်က ရဲဖြစ်ဖြစ် officer ဖြစ်ဖြစ်ထည့်ပေးမယ် နင့်ဘေးမှာ အတူတူရှိမယ် လို့ပြောတယ်။"

အခုလို ပြောနေတဲ့အချိန်မှာပဲ ထိုင်းလူဝင်မှုကြီးကြပ်ရေးအဖွဲ့က ဟန်လေးကို ဖုန်းနဲ့ ထပ်ပြီးဆက်သွယ်ပါတယ်။

မြန်မာနိုင်ငံက ရောက်ရှိနေတဲ့ အရဲအရာရှိတွေ မနေ့က လာပြီး နှောက်ယှက်တာရှိ၊မရှိ မေးမြန်းတာလို့ ဆိုပါတယ်။

"ထိုင်းအင်မီဂရေးရှင်းက ဖုန်းဆက်လာလို့။ သူတို့ဘက်က အဆင်ပြေလား ညတုန်းက မြန်မာ ရဲတွေက အခန်းထိ လာသေးလား ဆိုပြီး မေးတယ်။ ကြည့်ရတာတော့ သူတို့က မြန်မာ ရဲတွေကို ခွင့်ပြုလိုက်ပေ မယ့် ညီမဘယ်မှာရှိတယ်လို့ မပြောလိုက်တာလားမသိဘူး။ ညတုန်းက အခန်းထဲထိ လာသေးလားလို့ မေးတော့ မလာဘူးလို့ပြောလိုက်တယ်။ ညီမ ဒီမှာနေတာကို ထိုင်း အင်မီဂရေးရှင်းလည်း မသိဘူး။ ဗီယက်ဂျက်ကပဲသိတာ။ ဗီယက်ဂျက်က ပရိုက်ဗိတ်အနေနဲ့ လျှို့ဝှက်ထားတာ။ ဗီယက်ဂျက် လေကြောင်းလိုင်းက မြေပြင်ဝန်ထမ်းတွေကို မနက်ကော ညပါ ညီမ အခန်းဝမှာ လူ ၂ ယောက် လွှတ်ထားပြီး စောင့်ပေးနေတယ်။သူတို့က ညီမတည်းနေတဲ့ ဟိုတယ်နံပါတ်တွေကော ဘယ်မှာရှိ တာလဲဆိုတာအစအင်မီဂရေးရှင်းကို မပြောထားဘူး။ ညီမဖုန်းကို ဆက်တာမဟုတ်ဖူး။ ဗီယက်ဂျက် ဝန်ထမ်းတွေကတဆင့် အခုသူတို့ဆက်နေတာ။ သူတို့ခဏနေကျရင် လာလို့ရမလား UNHCR လာတဲ့ အချိန်ကျရင်တဲ့။ ရတယ်လို့ UNHCRနဲ့ အတူတူ လာခဲ့ပါလို့။ စလူးရှင်းကို သိချင်လို့ပါတဲ့။"

အခုလို အလှမယ် ဟန်လေးကို ပြည်ဝင်ခွင့်မပြုတာနဲ့ ပတ်သက်ပြီး ထိုင်း နိုင်ငံခြားရေးဌာန ပြောရေး ဆိုခွင့်ရှိသူတယောက်က ထိုင်းအစိုးရအနေနဲ့ မသော်နန္ဒာအောင် (ခ) ဟန်လေး ကို ခရီးသွားစာရွက် စာတမ်းကိစ္စတွေနဲ့ ပတ်သက်ပြီး ပြည်ဝင်ခွင့်ငြင်းပယ်ခဲ့တဲ့ကြောင်း၊ သူ့ကို ဖမ်းထားတာ မဟုတ်သလို၊ တခြားနေရာဒေသတခုခုကို ပို့ဆောင်ဖို့လည်း အခုအချိန်အထိ အစီအစဉ်တစုံတရာ မရှိပါဘူးလို့ ပြောပါတယ်။

ဟန်လေးကို အကူအညီပေးနေတာနဲ့ ပတ်သက်ပြီး ဘန်ကောက်မြို့ကိ UNHCR ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံးကို RFA က ဒီကနေ့ ဆက်သွယ်စုံစမ်းတဲ့အခါမှာ ပြန်ကြားရေး အရာရှိတဦးက သူတို့အနေနဲ့ သက်ဆိုင်သူတွေကို အကာအကွယ်ပေးဖို့နဲ့ ကိုယ်ရေးကိုယ်တာ ကိစ္စတွေကို လုံခြုံအောင်ထိန်းသိမ်းထားဖို့အတွက်၊ လူပုဂ္ဂိုလ်တဦးတယောက်နဲ့ ပတ်သက်တဲ့ သတင်း အချက်အလက်တွေကို ထုတ်ပြန်ပြောဆိုမှာ မဟုတ်သလို အဲဒီပုဂ္ဂိုလ် တကယ်ရှိနေသလားဆိုတဲ့ အချက်ကိုတောင် အသိမပေးနိုင်ပါဘူးလို့ အကြောင်းပြန်တဲ့အကြောင်း ဘန်ကောက်မြို့ကိုရောက် နေတဲ့ RFA ဝိုင်းတော်သား ဦးခင်မောင်စိုး သတင်းပေးပို့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။