အာဆီယံကာကွယ်ရေးဝန်ကြီးများ အစည်းအဝေး စစ်ကောင်စီကိုယ်စားလှယ် တက်ခွင့်ရ

ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်းပင်မြို့မှာ ကျင်းပနေတဲ့ အာဆီယံကာကွယ်ရေးဝန်ကြီးများအစည်းအဝေးမှာ မြန်မာစစ်ကောင်စီကို ချန်လှပ်ထားဖို့ ပြည်တွင်းပြည်ပအဖွဲ့အစည်းပေါင်း ၆၅၀ ကျော်က တောင်းဆိုထားပေမယ့် စစ်ကောင်စီရဲ့ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦး အစည်းအဝေးတက်ရောက်နေတယ်လို့ ဖနွမ်းပင်ပို့စ် သတင်းမှာ မနေ့က ဖော်ပြထားပါတယ်။
ဒါဟာ မနှစ်က စစ်တပ်အာဏာသိမ်းပြီးနောက် အာဆီယံအသင်းဝင်ခေါင်းဆောင်တွေရဲ့ ဘုံသဘောတူညီချက် ငါးရပ်ကို အကောင်အထည်ဖော်ဖို့ ပျက်ကွက်လို့ ထိပ်သီးအစည်းအဝေးတွေမှာ စစ်ကောင်စီကိုယ်စားလှယ်တွေ တက်ခွင့်မရတဲ့အခြေအနေမှာ ဗိုလ်ချုပ်ကြီး မြထွန်းဦးက ပထမဆုံးတက်ခွင့်ရတဲ့သူ ဖြစ်ပါတယ်။
အစောပိုင်းမှာ စင်္ကာပူ၊ မလေးရှား၊ အင်ဒိုနီးရှားနဲ့ ဖိလစ်ပိုင်နိုင်ငံတွေက စစ်ကောင်စီကိုယ်စားလှယ်ကို မဖိတ်ဖို့ အာဆီယံအလှည့်ကျ ဥက္ကဋ္ဌ ကမ္ဘောဒီးယားကို တိုက်တွန်းခဲ့ပါတယ်။
ဒီကာကွယ်ရေးဝန်ကြီးများအစည်းအဝေးမှာ စစ်ကောင်စီကိုယ်စားလှယ် တက်ရောက်လာရင်တောင်မှ ဒါဟာ စစ်ကောင်စီကို မြန်မာနိုင်ငံရဲ့တရားဝင်အစိုးရအဖြစ် အသိအမှတ်ပြုတာမဟုတ်ဘူးလို့ မလေးရှားကာကွယ်ရေးဝန်ကြီးဌာနက ပြောထားပါတယ်။
ဒီအစည်းအဝေးမှာ မြန်မာစစ်ဗိုလ်ချုပ် တက်ရောက်လာတာက အာဆီယံအသင်းဟာ တစ်စုတစ်စည်းတည်း ရှိတဲ့အဖွဲ့ ဖြစ်တယ်ဆိုတာကို ပြသတာဖြစ်တယ်လို့ ကမ္ဘောဒီးယားကာကွယ်ရေးဝန်ကြီး Tea Banh က ပြောပါတယ်။
ဒီအစည်းအဝေးကနေ ဘာတွေဆွေးနွေးကြတယ်ဆိုတဲ့ အသေးစိတ်အချက်အလက်ကိုတော့ မထုတ်ပြန်သေးပါဘူး။ ဒါပေမဲ့ မြန်မာပြည် ပုံမှန်အခြေအနေ ပြန်ရောက်အောင် အာဆီယံဥက္ကဋ္ဌရဲ့ အထူးကိုယ်စားလှယ်ကတစ်ဆင့် ငြိမ်းငြိမ်းချမ်းချမ်းဆောင်ရွက်ဖို့ ဝိုင်းဝန်းပံ့ပိုး ကြိုးစားကြမယ်ဆိုတာ ကတိပြုတဲ့အကြောင်းသာ မီဒီယာတွေကို ထုတ်ပြန်ပါတယ်။
အစည်းအဝေးမှာတက်ရောက်တဲ့ အဖွဲ့ဝင် ၁ဝ နိုင်ငံလုံးက ကာကွယ်ရေးဝန်ကြီးတွေအားလုံးဟာ တရုတ်နဲ့ဂျပန်က ကာကွယ်ရေး ဝန်ကြီးတွေနဲ့လည်း ဗုဒ္ဓဟူးနေ့ညပိုင်းမှာ တွေ့ဆုံကြမှာ ဖြစ်ပါတယ်။