မြန်မာ့ရွှေဈေး ကျပ်သိန်းငါးဆယ်ကျော်လာ

RFA Burmese
2024.05.16
မြန်မာ့ရွှေဈေး ကျပ်သိန်းငါးဆယ်ကျော်လာ ရန်ကုန်မြို့လယ်ရှိ စိန်ရွှေရတနာအရောင်းဆိုင်အချို့အား ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၇ ရက်နေ့က တွေ့ရစဉ်။
Photo: RFA

အာဏာသိမ်းပြီးချိန်ကစလို့ တရိပ်ရိပ်မြင့်တက်လာနေတဲ့ ပြည်တွင်းရွှေဈေးဟာ မေလ ၁၆ ရက် ဒီနေ့မှာ အခေါက်ရွှေ တစ်ကျပ်သားကို ကျပ်သိန်းငါးဆယ်ကျော်အထိ မြင့်တက်လာတယ်လို့ ရွှေလုပ်ငန်း လုပ်ကိုင်နေသူတွေက ပြောပါတယ်။

မေလ ၁၅ ရက်နေ့ မနေ့ကညနေ အပိတ်ဈေးမှာ အခေါက်ရွှေတစ်ကျပ်သားကို ၄၉ သိန်းခွဲကျော် (၄,၉၅၅,၀၀၀) အထိ ဈေးပေါက်နေရာကနေ ဒီနေ့မနက် ဈေးကွက်စဖွင့်ချိန်မှာတော့ တစ်ကျပ်သားကို ကျပ်သိန်းငါးဆယ်ကျော် (၅,၀၂၀,၀၀၀) အထိ မြင့်တက်ခဲ့တာပါ။

ကမ္ဘာ့ရွှေဈေး၊ ပြည်တွင်းဒေါ်လာငွေလဲနှုန်းတွေနဲ့အတူ ရွှေဈေးမြင့်တက်လာတာဖြစ်ပြီး အခုလို ဈေးမြင့်တက်လာမှုက ရွှေလုပ်ငန်းရှင်တွေအတွက် စိုးရိမ်စရာဖြစ်တယ်လို့ မြန်မာနိုင်ငံ ရွှေလုပ်ငန်းရှင်များအသင်းချုပ် တွဲဖက်အတွင်းရေးမှူး ဦးကြည်စိန်က ပြောပါတယ်။

“နယ်စပ်မှာရှိတဲ့ နိုင်ငံခြားငွေလဲနှုန်းတွေဟာ ဒီရက်ပိုင်း နည်းနည်းလေး မာလာတာကို တွေ့ရတယ်။ အဓိကတော့ နိုင်ငံခြားငွေလဲနှုန်းတွေ မာလာတာနဲ့အမျှ ရွှေစျေးက လိုက်တက်နေတယ်။ ရတနာ လုပ်ငန်းလုပ်နေတဲ့သူတွေက အတော့်ကို အခက်အခဲဖြစ်နေတဲ့ အခြေအနေရောက်နေတယ်။ အပြင်မှာ ဖြစ်နေတဲ့ ပေါက်စျေးက ၄၇ ပတ်ဝန်းကျင်မှာ ရှိနေရာကနေပြီး အခု ၄၉ ဘက်ကို ရုတ်တရက်ကြီး တစ်ရက်၊ နှစ်ရက်မှာ တက်လာတာ တွေ့ရတယ်။ ဒါက ကျွန်တော်တို့ ရွှေလုပ်ငန်းအတွက် တော်တော် စိုးရိမ်စရာလို့ ပြောလို့ရမယ်”

ရန်ကုန်တိုင်း ရွှေလုပ်ငန်းရှင်များအသင်း (YGEA) ကတော့ နေ့စဉ်ရောင်းဝယ်ရမဲ့ ရွှေစျေးနှုန်းတွေကို ထုတ်ပြန် ပေးနေပါတယ်။ ပြင်ပရွှေစျေးမြင့်တက်နေပေမဲ့ ရန်ကုန်ရွှေလုပ်ငန်းရှင်များ အသင်းရဲ့ စျေးနှုန်းကတော့ ကျပ်သိန်းလေးဆယ်နီးပါး (၃,၉၉၉,၉၀၀) သာ ရှိပါတယ်။

လက်ရှိအချိန်မှာ ရောင်းမှား ဝယ်မှား မဖြစ်အောင် စျေးကွက်ထဲမှာ ရွှေအတုံးအခဲ ရောင်းတာတွေကို တတ်နိုင်သမျှ မလုပ်ဖို့ ရွှေလုပ်ငန်းရှင်များအသင်းက မေတ္တာရပ်ခံထားပါတယ်။
ရွှေစျေးတွေ စံချိန်တင်မြင့်တက်နေလို့ အပ်ထည်တွေ မရှိတာကြောင့် ပန်းထိမ်လုပ်ငန်း ရပ်လုနီးပါး ဖြစ်နေတယ်လို့ ရန်ကုန်မြို့က ပန်းထိမ်လုပ်ငန်းလုပ်ကိုင်နေသူတစ်ဦးက ပြောပါတယ်။

“အရောင်းအဝယ်က အားလုံးရပ်လုနီးနီးဖြစ်နေကြပြီ။ အဝယ်မရှိဘူး။ အရောင်းပဲရှိတယ်။ နှစ်သောင်းလောက်ခွာပြီး အရောင်းအဝယ်လုပ်နေကြတယ်။ ပန်းထိမ်သမားတွေလည်း အလုပ်အားလုံး ရပ်သွားပြီ။ နိုင်ငံရေးကမကောင်း ရွှေစျေးကလည်း တောက်လျှောက်တက်နေတော့ အလုပ်က အဆင်မပြေတော့ဘူး”

ပြည်တွင်းငွေလဲနှုန်းတန်ဖိုးကလည်း ပြင်ပစျေးကွက်မှာ အမေရိကန် တစ်ဒေါ်လာကို မြန်မာငွေ ကျပ် ၄၀၀၀ ကနေ ၄၁၀၀ ကြား အရောင်းအဝယ်ဖြစ်နေတယ်လို့ ရန်ကုန်မြို့ခံတွေက ပြောပါတယ်။

စစ်တပ်အာဏာမသိမ်းခင်က ရွှေတစ်ကျပ်သား ၁၃ သိန်းဝန်းကျင်နဲ့ အမေရိကန်ဒေါ်လာ တစ်ဒေါ်လာကို ၁၃၀၀ ကျပ်ဝန်းကျင်သာရှိခဲ့ပြီး လက်ရှိ အာဏာသိမ်းသုံးနှစ်ကျော်အတွင်းမှာ ရွှေဈေးနှုန်း လေးဆနီးပါး မြင့်တက်ခဲ့တာ ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။