လူဦးရေ တစ်သိန်းနီးပါး ရေဘေး ဒဏ်ခံနေရ


2016.08.02
khamti-flooding-620.jpg ချင်းတွင်းမြစ်ရေ တက်လာတာကြောင့် စစ်ကိုင်းတိုင်း ခန္တီးမြို့မှာ ဇူလိုင်လ ၆ ရက်နေ့က ရေကြီးနေတဲ့ရပ်ကွက်နေ ပြည်သူတွေကို မီးသတ်တပ်ဖွဲ့ဝင်တွေက ဘေးလွတ်ရာသို့ ကယ်ဆယ်ပြောင်းရွှေ့ပေးစဉ်
Photo: Myanmar Fire Services Department

ဧရာဝတီမြစ် နဲ့ ချင်းတွင်းမြစ်ရေ မြင့်တက်နေမှုကြောင့် မကွေး၊ စစ်ကိုင်း၊ မန္တလေး၊ ဧရာဝတီ၊ ပဲခူးနဲ့ ကချင်စတဲ့ တိုင်းဒေသကြီးနဲ့ ပြည်နယ် ၆ ခုက လူဦးရေတစ်သိန်းနီးပါးလောက် ရေဘေးဒဏ်ခံနေရပြီး ရေဘေးကယ်ဆယ်ရေး စခန်းတွေမှာ ပြောင်းရွှေ့နေကြရပါတယ်။

လတ်တလောမှာ အရေးပေါ်အနေနဲ့ စားနပ်ရိက္ခာတွေ လိုအပ်နေတာကြောင့် ထောက်ပံ့ပေးနေတယ်လို့ လူမှုဝန် ထမ်းကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူး ဒေါ်ဖြူလဲ့လဲ့ထွန်း က ပြောပါတယ်။

"ခုဖြစ်တဲ့နေရာတွေအားလုံးမှာ  ထောက်ပံ့မှုတွေလုပ်နေတယ်၊ အခုလက်ရှိသူတို့က စားနပ်ရိက္ခာတွေ လိုတာလေ၊   ဆန်တို့၊ ခေါက်ဆွဲခြောက်တို့၊ ရေသန့်တို့၊ ငါးသေတ္တာတို့၊  အဲ့လိုမျိုးလေးတွေထောက်ပံ့နေ တယ်၊ ပြောင်းဖို့ရွှေ့ဖို့ကတော့  သက်ဆိုင်ရာဒေသမှာ သက်ဆိုင်ရာအစိုးရအဖွဲ့ရှိမယ်၊ ထွေအုပ်၊ ကြက်ခြေနီ၊  မီးသတ်၊ ရဲဘော်၊ သူတို့အကုန်လုံးပေါင်းပြီး ပြည်သူတွေကို ပြောင်းတာရွှေ့တာ၊  ကူညီ ကယ်ဆယ်တာတွေ၊ သူတို့အကုန်လုပ်တယ်၊ ဝန်ကြီးဌာနအနေနဲ့ကတော့  ပြောင်းရွှေ့တဲ့ပြည်သူတွေ ကို ထောက်ပံ့မှုတွေ လုပ်ပေးနေတယ်"

အဲ့ဒီတိုင်းနဲ့ပြည်နယ် ၆ခုထဲမှာ မကွေးတိုင်းမှာ ရေဘေးဒဏ်ခံနေရသူ အများဆုံးဖြစ်ပြီး လူဦးရေ ၅ သောင်းခွဲကျော် ရှိနေပါတယ်။ ရေကြီးနစ်မြုပ်မှုကြောင့် မန္တလေးတိုင်းမှာ ၂ သောင်းခွဲကျော် နဲ့ စစ်ကိုင်းတိုင်းမှာ ၁ သောင်းခွဲနီးပါး ဟာ ကယ်ဆယ်ရေးစခန်းတွေကို ပြောင်းရွှေ့နေကြပါတယ်။

လူမှုဝန်ထမ်းကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဝန်ကြီးဌာနအနေနဲ့ လူနေအိမ်တွေထဲ ရေတွေ ဝင်ရောက်နေပေမယ့် ပြောင်းရွှေ့စရာသိပ်မလိုသေးတဲ့ ရပ်ကွက်ကျေးရွာတွေကိုလည်း စားနပ်ရိက္ခာတွေ ထောက် ပံ့ပေးနေတယ်လို့ ဒေါ်ဖြူလဲ့လဲ့ထွန်း က ပြောပါတယ်။

လက်ရှိ မြစ်ဝကျွန်းပေါ်ဒေသတွေမှာလည်း မြစ်ရေမြင့်တက်နေတာတွေရှိနေသလို အထက်ပိုင်းက ရေတွေ ပြန်ကျ လာနိုင်တာကြောင့် မြစ်ဝကျွန်းပေါ်မှာ နေထိုင်ကြသူတွေအနေနဲ့ ရေကြီးရေလျှံမှုတွေအတွက် ကြိုတင်ပြင်ဆင် ထားဖို့ မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက သတိပေးထားပါတယ်။

ဧရာဝတီမြစ်ရေ မြင့်တက်လာမှုကြောင့် ပြီးခဲ့တဲ့ ဇူလိုင်လ ၃၁ ရက်နေ့ ညနေပိုင်းကစပြီး ဦးပိန်တံတားကို အများပြည်သူ ဖြတ်သန်းသွားလာခွင့် ပိတ်လိုက်သလို မန္တလေး ရတနာပုံတက္ကသိုလ်ကိုလည်း ပိတ်ထားရပါတယ်။

ဧရာဝတီမြစ် နဲ့ ချင်းတွင်းမြစ်ရေ မြင့်တက်နေမှုကြောင့် မကွေး၊ စစ်ကိုင်း၊ မန္တလေး၊ ဧရာဝတီ၊ ပဲခူး နဲ့ ကချင် စတဲ့ တိုင်းဒေသကြီးနဲ့ ပြည်နယ် ၆ ခုက လူဦးရေ ၁ သိန်းနီးပါးလောက် ရေဘေးဒဏ်ခံနေရပြီး ရေဘေး ကယ်ဆယ်ရေးစခန်းတွေမှာ ပြောင်းရွှေ့နေထိုင်နေကြရပါတယ်။

ရေဘေးဒဏ်အများဆုံးခံနေရတဲ့ မကွေးတိုင်း နဲ့ မန္တလေးတိုင်းတွေမှာ ကယ်ဆယ်ရေးစခန်းတွေ ဖွင့်ထားရသလို ဌာနဆိုင်ရာတွေကလည်း ကူညီကယ် ဆယ်ရေးတွေလုပ်ဆောင်ပေးနေရပါတယ်။

RFA သတင်းထောက် မသီရိမင်းဇင် က စုစည်းတင်ပြထားပါတယ်။
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။