ကြူကုတ်-ပန်ဆိုင်း လမ်းကြောင်းကနေ ကုန်ပစ္စည်းတင်ပို့ခွင့်ပေး
2018.12.28

တရုတ်နိုင်ငံကို ကုန်ပစ္စည်းတင်ပို့နေတဲ့ မူဆယ် ကျင်စန်းကျော့ဂိတ်ကို ပိတ်ထားတာကြောင့် ပိတ်မိနေတဲ့ သစ်သီးတင် ကုန်တင်ကားတွေကို မူဆယ်မြို့နဲ့ ၁၁ မိုင်အကွာ ကြူကုတ်-ပန်ဆိုင်း လမ်းကြောင်းကနေ ပြောင်းလဲ တင်ပို့ခွင့်ကို ယူနန်ပြည်နယ်အစိုးရက မနေ့က ခွင့်ပြုပေးလိုက်တယ်လို့ ကုန်သည်တွေကို ကိုးကားပြီး ပြည်တွင်းထုတ် 7 Day သတင်းစာမှာ ဖော်ပြပါတယ်။
မြန်မာနိုင်ငံကနေ တရုတ်နိုင်ငံကို တင်ပို့တဲ့ သစ်သီးတင်ယာဉ်တွေဟာ နေ့စဉ် အစီး ၅၀၀ ကျော်ရှိပြီး ဒီဇင်ဘာလ ၂၀ ရက်နေ့က စပြီး တရုတ်ဘက်က လုံခြုံရေးတိုးမြှင့်လိုက်တာကြောင့် တစ်နေ့ကို အစီး ၂၀၀ ဝန်းကျင်သာ ဝင်ရောက် ခွင့်ရတော့တယ်လို့ သိရပါတယ်။
ဒါပေမဲ့ မနေ့ညနေပိုင်းမှာတော့ တရုတ်အစိုးရတာဝန်ရှိသူတွေနဲ့ ညှိနှိုင်းပြီးနောက်မှာ ကြူကုတ်- ပန်ဆိုင်း လမ်းကြောင်းကနေ ပြန်လည်တင်ပို့ခွင့်ပြုလိုက်တာလို့ သိရပါတယ်။