နယ်စပ်ဂိတ်ပေါက်ကိစ္စ ဆွေးနွေးမှု
2019.01.08

မြန်မာနိုင်ငံထွက် ဖရဲနဲ့ သခွားမွှေးတွေ တရုတ်နိုင်ငံကို လက်ရှိတင်ပို့နေတဲ့ ဂိတ်ကို အချိန်တိုးဖွင့်ပေးဖို့နဲ့ လူဝင်/လူထွက် စိစစ်တဲ့ လိုင်း ၂ လိုင်း ထပ်တိုးပေးဖို့အတွက် မနေ့က တရုတ်-မြန်မာ နှစ်နိုင်ငံသဘောတူညီ ခဲ့ကြတယ်လို့ သိရပါတယ်။
အဲဒီကိစ္စနဲ့ပတ်သက်ပြီး မြန်မာဘက်က စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန တာဝန်ရှိသူတွေနဲ့ တရုတ်သံရုံး ကိုယ်စားလှယ်တွေ မနေ့က တွေ့ဆုံဆွေးနွေးခဲ့ရာမှာ သဘောတူညီမှုရခဲ့တာ ဖြစ်ပါတယ်။
ဒီအကြောင်းတွေကို စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနဘက်က ဖုန်းနဲ့ ဆက်သွယ်ပြောဆိုလာ တယ်လို့လည်း မြန်မာနိုင်ငံ ဖရဲ၊သခွားမွှေး စိုက်ပျိုးထုတ်လုပ်တင်ပို့ ရောင်းချသူများအသင်း ဥက္ကဋ္ဌ ဦးနိုင်ဝင်း က RFA ကို ပြောပါတယ်။
ဒါနဲ့ပတ်သက်ပြီး ဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးရန်နိုင်ထွန်း ကို RFA က ဖုန်းနဲ့အကြိမ်ကြိမ် ဆက်သွယ်ပေမယ့် ဆက်သွယ်လို့မရခဲ့ပါဘူး။
လက်ရှိတင်ပို့နေတဲ့ ကြူကုတ်-ပန်ဆိုင်းဂိတ်ပေါက်ဟာ မနက် ၆ နာရီကနေ ည ၈ နာရီခွဲလောက်အထိ ဖွင့်လှစ်ပေးနေတာပြီး အဝင်/အထွက် စိစစ်ဆောင်ရွက်ပေးတဲ့လိုင်းဟာလည်း ၂ လိုင်းသာရှိနေတာဖြစ်ပါတယ်။ အဲဒါကြောင့် တစ်နေ့ကို ကားအစီးရေ ၂၅၀ ဝန်းကျင်လောက်သာ သွားလာနိုင်တာလို့ သိရပါတယ်။
ဒါ့အပြင် ကုန်သည်တွေ တောင်းဆိုနေတဲ့ ကျင်စန်းကျော့ဂိတ်ကို ပြန်ဖွင့်ပေးဖို့နဲ့ ပတ်သက်ပြီး တရုတ်ဘက်က လိုလားတဲ့သဘောရှိကြောင်း စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက မနေ့က တွေ့ဆုံပွဲအပြီးမှာ ပြောတယ်လို့ သတင်းမီဒီယာတချို့မှာ ဖော်ပြခဲ့ပါတယ်။
မူဆယ်မှာ ဒီနေ့အထိ သစ်သီးကားအစီးရေ ၁ ထောင်ကျော်လောက် ပိတ်ဆို့နေဆဲဖြစ်ပြီး မိုးလည်းရွာတာကြောင့် ရောင်းချရာမှာ အခက်အခဲတွေပိုရှိကြောင်း ကုန်သည်တွေက ပြောကြပါတယ်။
ဒီသတင်းကို RFA သတင်းထောက် မသီရိမင်းဇင် ပေးပို့တာပါ။