မြန်မာနဲ့ကမ္ဘောဒီးယားက အလုပ်သမား သုံးသောင်းကျော် ထိုင်းခေါ်ယူမည်
2022.02.23

နှစ်နိုင်ငံနယ်စပ်ဖြတ်ကျော် သဘောတူညီချက်အရ ထိုင်းနယ်စပ် ခရိုင်တွေကနေ မြန်မာနဲ့ကမ္ဘားဒီယား ရွှေ့ပြောင်း အလုပ်သမားတွေကို အသွားအပြန် သို့မဟုတ် ရာသီအလိုက် နယ်စပ်ဖြတ်သန်းခွင့် လက်မှတ်နဲ့ အလုပ်သမား သုံးသောင်းကျော် ခေါ်ယူဖို့ စီစဉ်နေတယ်လို့ ထိုင်းအလုပ်သမားဝန်ကြီးဌာနက ဖေဖော်ဝါရီလ ၂၁ရက်နေ့မှာ သတင်းထုတ်ပြန်ပါတယ်။
ထိုင်း-မြန်မာနယ်စပ် ချင်းရိုင်၊ တာ့ခ်၊ ကန်ချနဘူရီ၊ ရနောင်း ခရိုင်လေးခုမှာ သွားရောက် အလုပ်လုပ်ကိုင်နိုင်မှာ ဖြစ်တယ်လို့ မဲဆောက်မြို့အခြေစိုက် မြန်မာပြည်သားများအရေး ပူးတွဲလှုပ်ရှားမှုကော်မတီ (JACBA) ဥက္ကဋ္ဌ ဦးမိုးကြိုးက ပြောပါတယ်။
“ထိုင်းနဲ့ ကမ္ဘောဒီးယားနယ်စပ် လေးခုနဲ့ ထိုင်းနဲ့မြန်မာနယ်စပ် လေးခုမှာ ရာသီအလိုက် လုပ်သားသုံးသောင်းကျော် ခေါ်ယူဖို့ကိစ္စနဲ့ ပတ်သက်ပြီးတော့ လုပ်ဆောင်ရမယ့် လုပ်ငန်းဆောင်တာကို ထိုင်း အလုပ်သမားဝန်ကြီးဌာနကနေပြီးတော့ ဘယ်လိုလုပ်ရမယ်ဆိုတဲ့ အဆင့်ငါးဆင့် ထုတ်ပြန်လိုက်တယ် မနေ့က။ ဒီရက်ပိုင်းအတွင်းမှာပဲ အကောင်အထည်ဖော်မယ်။ ဘာကြောင့်လည်း ဆိုတော့ ထိုင်းနိုင်ငံမှာ နယ်စပ်ဒေသတွေမှာ အထွေထွေအလုပ်သမားတွေ လိုတယ်”
ထိုင်းအလုပ်ရှင်က အလုပ်သမားတွေကို ခေါ်ယူမှာ ဖြစ်ပြီး ၇၂ နာရီ မကျော်တဲ့ ကိုဗစ်စစ်ဆေးမှု အထောက်အထား၊ ကိုဗစ် ကာကွယ်ဆေး နှစ်ကြိမ်ထိုးထားပြီးကြောင်း အထောက်အထားနဲ့ ထိုင်းဆေးရုံကနေ တားမြစ်ရောဂါ သုံးမျိုး စစ်ဆေးပြီးကြောင်း အထောက်အထားတွေ ရှိဖို့ လိုပါတယ်။ ကျန်းမာရေးအာမခံ ၃ လ ဝယ်ယူရမှာ ဖြစ်သလို၊ ကွာရန်တင်းစောင့်ကြည့်မှု ၇ ရက်ဝင်ရမှာ လည်း ဖြစ်တယ်လို့ ဦးမိုးကြိုးက ပြောပါတယ်။
“ထိုင်း-ကမ္ဘောဒီးယားနယ်စပ် ၄ ခုတွေက seasonal worker အသစ်တွေကို ခေါ်မှာ ဖြစ်ပါတယ်။ ထိုင်းရောက်မှပဲ စာရွက်စာတမ်း ပြည့်ပြည့်စုံစုံ ပြုလုပ်ရမှာ ဖြစ်ပါတယ်။ အဲဒီမှာ အဆင့် ၅ ဆင့်ရှိပါတယ်။ နံပါတ်တစ်က သက်ဆိုင်ရာအလုပ်ရှင်က မိမိရဲ့ အလုပ်သမားတွေကို ထိုင်းနိုင်ငံဆီ လာရောက်မယ်လို့ demand letter လက်ခံပြီးတာနဲ့ တပြိုင်နက် သက်ဆိုင်ရာ အလုပ်အကိုင် ရှာဖွေရေးဌာန နယ်စပ်မှာ ရှိတဲ့ အလုပ်အကိုင်ရှာဖွေရေး ရုံးမှာပဲ လုပ်ရမှာ”
ထိုင်းနိုင်ငံထဲရောက်မှ နယ်စပ်မှာရှိတဲ့ အလုပ်အကိုင် ရှာဖွေရေးရုံးမှာ သုံးလတကြိမ် အလုပ်လုပ်ခွင့် သုံးလ လျှောက်ထားရမှာ ဖြစ်ပြီး နေထိုင်ခွင့် ဗီဇာ တစ်လတစ်ကြိမ် လျှောက်ထားရမှာ ဖြစ်ပါတယ်။ ဒီနယ်စပ် ဖြတ်သန်းခွင့် စာအုပ်က သက်တမ်း တစ်နှစ် ရရှိမှာ ဖြစ်တယ်လို့ ဆိုပါတယ်။ တာချီလိတ်-မယ်ဆိုင်၊ မြဝတီ-မဲဆောက်၊ ကော့သောင်း-ရနောင်း၊ ဘုရားသုံးဆူ-ကန်ချနဘူရီ စတဲ့ နယ်စပ်မြို့တွေမှာ သွားရောက် အလုပ်လုပ်ကိုင်နိုင်မှာပါ။
နယ်စပ်ဒေသမှာပဲ အလုပ်လုပ်ခွင့်ရတဲ့ အကန့်အသတ်ရှိနေတာ၊ အလုပ်သမားအခွင့်အရေး အပြည့်အဝ မရတာ၊ ကျန်းမာရေးကုသမှုမှာ အခက်အခဲရှိတာ၊ အလုပ်သမား ထိခိုက်နစ်နာမှု ရှိရင်လည်း နစ်နာကြေး တောင်းခံဖို့ အခက်အခဲတွေရှိနေလို့ ဒီနယ်စပ်ဖြတ်သန်းခွင့် စာအုပ်နဲ့ ပတ်သက်လို့ ထိုင်းလူ့အခွင့်အရေးအဖွဲ့အစည်းတွေက ကန့်ကွက်ထားတာတွေ ရှိတယ်လို့လည်း ဦးမိုးကြိုးက ပြောပါတယ်။

အလုပ်သမားတွေ ခေါ်တဲ့ နယ်စပ်ဖြတ်သန်းခွင့်လက်မှတ် အပြာရောင်စာအုပ်ဟာ နယ်စပ်ဒေသမှာ နေတဲ့လူတွေ အဆင်ပြေဖို့ လုပ်ထားတာ ဖြစ်ပေမဲ့ ကန့်သတ်ချက်တွေ ရှိပြီး အလုပ်သမားတွေ အကျိုးခံစားခွင့် နည်းတယ်လို့ ထိုင်းတောင်ပိုင်း အခြေစိုက် ပညာရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ (FED) က ဦးမင်းဦးကလည်း ပြောပါတယ်။
“ဒီထဲမှာ သူက ကန့်သတ်ချက်တွေ အများကြီးရှိတယ်ဗျ။ လုပ်ဖို့အတွက်က နယ်စပ်က လူတွေ ဖြစ်ရမယ်။ ဥပမာ မြဝတီမှာ နေတဲ့လူတွေ အလုပ်လုပ်ဖို့အတွက် ကန့်သတ်ထားတာလည်း မဲဆောက်ခရိုင်ထဲမှာပဲ နေထိုင်လုပ်ကိုင်ခွင့်ရမယ်။ နောက်တခြား လူမှုဖူလုံရေးနဲ့ ပတ်သက်တဲ့ အကျိုးခံစားခွင့် အရမ်းနည်းတယ်။ အလုပ်ရှင်တွေကတော့ အဲဒီလို အလုပ်သမားတွေကို ကြိုက်တယ်။ ဒါပေမဲ့ အလုပ်သမားတွေဘက်က အလုပ်တော့ ရလိုက်တယ်။ အကျိုးခံစားမှုတွေက မကာမိပါဘူး”
ဒီနယ်စပ်ဖြတ်သန်းခွင့် လက်မှတ် ကိုင်ဆောင်ထားသူတွေဟာ နယ်စပ်ဒေသမှာပဲ အလုပ်လုပ်ခွင့်ရမှာ ဖြစ်ပြီး တခြာမြို့ကြီးတွေမှာ လုပ်ကိုင်ခွင့်မရှိပါဘူး။ နယ်စပ်ဒေသခံ အလုပ်ကြမ်းတွေ ဖြစ်တဲ့ အိမ်တွင်း စက်ရုံလုပ်ငန်း၊ တောင်ယာ၊ ခြံ၊ စိုက်ပျိုးရေးလုပ်ငန်း၊ ဆောက်လုပ်ရေးလုပ်ငန်းတွေမှာပဲ အလုပ်လုပ်ခွင့်ရမှာပါ။
ရာသီပေါ် လိုအပ်နေတဲ့ အလုပ်သမားတွေကို နယ်စပ်ကနေ ခေါ်ယူဖို့ ထိုင်းအစိုးရက ပြင်ဆင်နေပေမယ့် နယ်စပ်ဂိတ်တွေကတော့ အခုထိမဖွင့်သေးပါဘူး။ အဲဒါကြောင့် နယ်စပ်ဂိတ်တွေ မဖွင့်မချင်း ထိုင်းမြန်မာနယ်စပ်ကနေ တရားမဝင်လာတဲ့ မြန်မာနိုင်ငံသားတွေက ဆက်ပြီး ရှိနေလိမ့်ဦးမယ်လို့ အလုပ်သမားအရေး ဆောင်ရွက်သူတွေက ပြောပါတယ်။