ကမ္ဘာ့ Esports ပြိုင်ပွဲမှာ မြန်မာအသင်း ဒုတိယရ
2021.01.24

ကမ္ဘာ့အီလက်ထရောနစ် အားကစားပြိုင်ပွဲ Mobile Legend World Championship M2- Esports မှာ ဝင်ရောက်ယှဉ်ပြိုင်နေတဲ့ မြန်မာနိုင်ငံကိုယ်စားပြု Burmese Ghouls အသင်းဟာ ဗိုလ်လုပွဲမှာ Bren Esports ဆိုတဲ့ ဖိလစ်ပိုင်နိုင်ငံအသင်းကို ရှုံးနိမ့်ပြီး ဒုတိယရခဲ့ပါတယ်။
နောက်ဆုံးဗိုလ်လုပွဲမှာ ပြိုင်ပွဲပေါင်း ၇ ပွဲ ယှဉ်ပြိုင်ခဲ့ရပြီး မြန်မာနိုင်ငံကိုယ်စားပြု Burmese Ghouls အသင်း က ၃ ပွဲနိုင်၊ ၄ ပွဲရှုံးနဲ့ ဒုတိယအဆင့်ပဲ ရရှိခဲ့တာဖြစ်ပါတယ်။
ဒီပြိုင်ပွဲကို ဇန်နဝါရီ ၁၈ ရက်နေ့ကနေ ၂၄ ရက်အထိ စင်ကာပူနိုင်ငံမှာ ကျင်းပနေတာဖြစ်ပြီး မြန်မာနိုင်ငံ အပါအဝင် အင်ဒိုနီးရှား၊ ဖိလစ်ပိုင်၊ စင်ကာပူ၊ မလေးရှား၊ ကမ္ဘောဒီးယား၊ ဂျပန်၊ ဘရာဇီးနဲ့ ရုရှားနိုင်ငံတို့က နိုင်ငံကိုယ်စားပြုအသင်းတွေ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြတာဖြစ်ပါတယ်။
Burmese Ghouls အသင်းဟာ အုပ်စုပွဲစဉ်တွေမှာ စင်ကာပူနိုင်ငံနဲ့ ရုရှားနိုင်ငံအသင်းတွေကို အနိုင်ရခဲ့ပြီး နောက်တစ်ဆင့်မှာ လက်ရှိဗိုလ်လုပွဲယှဉ်ပြိုင်ရတဲ့ ဖိလစ်ပိုင်အသင်းနဲ့ ချန်ပီယံဖြစ်ဖို့ ရေပန်းအစားဆုံး အသင်းဖြစ်တဲ့ အင်ဒိုနီးရှားကိုပါ ထပ်မံအနိုင်ရရှိပြီး ဗိုလ်လုပွဲကို တက်ရောက်ခဲ့တာဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာတော့ အီလက်ထရောနစ် အားကစားပြိုင်ပွဲ လို့ခေါ်တဲ့ Esports အားကစားနည်းကို အစိုးရအနေနဲ့ ကူညီပံ့ပိုးတာတွေမရှိပါဘူး။