ထိုင်းမှာ အထောက်အထားမဲ့ မြန်မာနိုင်ငံသား နှစ်ဆယ်ကျော် ဖမ်းဆီးခံရ
2025.01.29

ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင်၊ ဖုတ်ဖရမြို့နယ်မှာ အထောက်အထားမဲ့ မြန်မာနိုင်ငံသား ၂၁ ဦးဟာ ဇန်နဝါရီ ၂၉ ဒီနေ့မနက် တစ်နာရီအချိန်မှာ ဖမ်းဆီးခံလိုက်ရတယ်လို့ ထိုင်းအခြေစိုက်သတင်းတွေမှာ ဖော်ပြပါတယ်။
ထိုင်းနိုင်ငံထဲ တရားမဝင် ရောက်လာတဲ့ အမျိုးသား ၁၅ ဦးနဲ့ အမျိုးသမီး ခြောက်ဦးကို ထိုင်းအာဏာပိုင်တွေက ကင်းလှည့်နေချိန် ဖမ်းဆီးခဲ့တာလို့ ဆိုပါတယ်။
ဖမ်းဆီးခံရသူတစ်ဦးဆီကနေ စိတ်ကြွရူးသွပ်ဆေးပြား ၃၅ ပြားကိုလည်း သိမ်းဆည်းရမိခဲ့တယ်လို့ ဖော်ပြပါတယ်။
စစ်ဆေးချက်အရ ဖမ်းဆီးခံရသူတွေဟာ ထိုင်းနိုင်ငံ ဘန်ကောက်မြို့နဲ့ စမွတ်ပရာကန်ခရိုင်တို့မှာ အလုပ်လုပ်ဖို့အတွက် တစ်ဦးကို ထိုင်းဘတ် ၁၈,၀၀၀ ပွဲစားခပေးပြီး ထိုင်းနိုင်ငံထဲ ဝင်ရောက်လာတာလို့ ဆိုပါတယ်။
ဖမ်းဆီးခံထားရတဲ့ မြန်မာနိုင်ငံသား ၂၁ ဦးကို ဖုတ်ဖရ ရဲစခန်းမှာ ထိန်းသိမ်းထားပြီး ဥပဒေအရ ဆက်လက်အရေးယူ ဆောင်ရွက်နေတယ်လို့ ထိုင်းအခြေစိုက် သတင်းတွေမှာ ဖော်ပြထားပါတယ်။
ဇန်နဝါရီလ ၂၈ ရက်နေ့ကလည်း ဘန်ကောက်မြို့က အလှပြင်ဆိုင်မှာ တရားမဝင်အလုပ်လုပ်နေတဲ့ မြန်မာအမျိုးသမီး လေးဦး ဖမ်းဆီခံခဲ့ရပါတယ်။
အခုလထဲမှာ ထိုင်းနိုင်ငံ မဲဆောက်မှာ ဖမ်းဆီးမှုတွေလည်း များပြားလာတာကြောင့် သတိပြုသွားလာကြဖို့ ထိုင်းအခြေစိုက် မြန်မာအလုပ်သမားအရေး အကူအညီပေးသူတွေက တိုက်တွန်းထားပါတယ်။