ဘင်္ဂလားဒေ့ရှ်ဘက် ထွက်ပြေးရောက်ရှိနေတဲ့ လူစာရင်း တောင်းထား
2017.10.31
ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို ထွက်ပြေးသွားတဲ့ လူဦးရေစာရင်းကို ဘင်္ဂလားဒေ့ရှ်နိုင်ငံ ရဲချုပ်ထံ တောင်းထားတယ် လို့ နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ပြောပါတယ်။
ပြီးခဲ့တဲ့ ဘင်္ဂလားဒေ့ရှ်ပြည်ထဲရေးဝန်ကြီး ခရီးစဉ်အတွင်း မြန်မာနိုင်ငံရဲချုပ်က တောင်းထားတာဖြစ်တယ်လို့ ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ပြောပါတယ်။
"ကျနော်တို့ ဒီကို ပြည်ထဲရေးဝန်ကြီး ခရီးစဉ်ပေါ့နော်။ မြန်မာနိုင်ငံ အစည်းအဝေးလာတဲ့အချိန်မှာ မြန်မာနိုင်ငံ ရဲချုပ်ကနေပြီးတော့ ဘင်္ဂလားရဲချုပ်ကို ကျနော်တို့က ပြောလိုက်တာရှိတယ်။ ဘာပြောလိုက်လဲ ဆိုတော့ အဲမှာ ရောက်နေတဲ့လူစာရင်းလိုချင်တယ်။ ကျနော်တို့ တောင်းထားပါတယ်။ တောင်းထားပေမယ့် အခု ရဲချုပ်ကတော့ ကျနော်တို့ဆီ ပြန်တင်ပြတာတာ ရတယ်လို့တော့ မသိရသေးဘူး။ အီးမေးလ်နဲ့ ပြန်မယ် လို့ ပြောတယ်။ ဒီကောင်က အရေးကြီးပါတယ်။ ဘာလို့ အရေးကြီးလဲဆိုတော့ ကျနော်တို့ဆီမှာ ငယ်စာရင်း တွေရှိတယ်။ ဟိုဘက်မှာ ရောက်နေတဲ့လူက အခု တစ်သန်းနီးပါးတောင်ရှိတယ်နော်။ မီဒီယာတွေမှာ ရေးတာ။ ကျနော်တို့ လက်တွေ့မှာ လုံးဝမဖြစ်နိုင်ဘူး။ မဖြစ်နိုင်တော့ သူတို့ဆီက လူစာရင်းကို ကျနော်တို့က တောင်းထားတာ။ အဲမှာ မြန်မာနိုင်ငံက သွားတယ်ဆိုတဲ့ လူစာရင်း ကျနော်တို့ကို ပေးပါလို့ ကျနော်တို့က တောင်းထားတာ။ အခုထိတော့ ကျနော်တို့ မရသေးဘူးပေါ့နော်"
မြန်မာနိုင်ငံဘက်က ပြန်လည်လက်ခံရေးလုပ်ငန်းစဉ် အဆင်သင့်ဖြစ်နေသလို အချိန်မရွေးလက်ခံဖို့ အသင့် ရှိနေပေမယ့် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်က အချက်တချို့ကို သဘောမတူတာကြောင့် ပြန်လည်လက်ခံရေးအစီ အစဉ် နှောင့်နှေးကြန့်ကြာနေတာဖြစ်တယ်လို့လည်း ဦးဇော်ဌေး ကပြောပါတယ်။
ပြန်လာမယ့်လူတွေကို ၁၉၉၃ သဘောတူညီချက်ကို အခြေခံပြီး လက်ခံဖို့ စီစဉ်ထားတာဖြစ်တယ်လို့ သိရပါတယ်။
ဘင်္ဂလားဒေ့ရှ်ဘက်မှာ ကမ္ဘာ့အကြီးဆုံး ဒုက္ခသည်စခန်းဆောက်ဖို့ စီစဉ်နေသလို ဒုက္ခသည်တွေအတွက် အလှူငွေ ဒေါ်လာသန်းနဲ့ချီ ရရှိထားတဲ့ အခြေအနေတွေ ရှိနေတာကြောင့် မြန်မာနိုင်ငံဘက်ကို ပြန်လွှတ်ဖို့ ကြာသွားမှာ စိုးရိမ်တယ်လို့လည်း ဦးဇော်ဌေးက ပြောပါတယ်။
မြန်မာအစိုးရဘက်ကတော့ ပြန်လည်လက်ခံရေးအစီအစဉ်တွေကို ဆက်လက်ညှိပြီး အမြန်ဆုံးလက်ခံဖို့ လုပ်သွားမယ်လို့လည်း ဆိုပါတယ်။
ပြန်လည်စိစစ်လက်ခံရေးလုပ်ငန်းစဉ်တွေ နှောင့်နှေးနေတဲ့အပေါ် မူတည်ပြီး မြန်မာနိုင်ငံက ဒုက္ခသည်တွေကို လက်မခံချင်တဲ့အတွက် သဘောတူညီချက်မရအောင် အဆင်မပြေဖြစ်အောင် လုပ်နေတယ်လို့ နိုင်ငံတကာက ယူဆမှာကို စိုးရိမ်ကြောင်း ဦးဇော်ဌေး က ပြောပါတယ်။
ပြန်လာမယ့်လူတွေအနေနဲ့ နေထိုင်ကြောင်းမှန်ကန်တယ်ဆိုတဲ့ အထောက်အထားတွေ ပြနိုင်ရင် မူလနေထိုင် ခဲ့တဲ့နေရာတွေကို အတတ်နိုင်ဆုံး ပြန်လည်ပို့ဆောင်ပေးမှာဖြစ်ပြီး ရွာတွေစတင်တည်ဆောက်နေပြီလို့ လည်း ပြောပါတယ်။