မူဆယ်မီး ဆိုင်ခန်း ၂၈ ခန်း လောင်ကျွမ်း
2011.06.28

မီးဟာ မနက်လင်းအားကြီး ၆ နာရီလောက်က စလောင်တာ ဖြစ်ပြီး မနက် ၈ နာရီမှာ မီးကို ငြိမ်းသတ်နိုင်ခဲ့တယ်လို့ သိရပါတယ်။ မူဆယ်မြို့ခံတဦးက အခုလိုပြောပါတယ်။
"မွေ့ရာဆိုင်မှာ ထားတဲ့ မွေ့ရာတွေ အထပ်လိုက်ဆိုတော့ မီးက တော်တော်လေး များသွားတယ်။ မွေ့ယာဆိုင်ရယ် ရွှေဆိုင်ရယ် အားလုံး ဆိုင်ခန်းပေါင်း ၂၈ ခန်း။ ဈေးတော့ ဒီနေ့ ပိတ်ထားတယ်။ မီးသတ်တွေရော၊ သက်ဆိုင်ရာ အာဏာပိုင်တွေရော အားလုံးလာတော့ ငြိမ်းကြတယ်။ အကြောင်းရင်းကိုတော့ စုံစမ်းစစ်ဆေးနေတုံးဘဲ။"
လောင်ကျွမ်းတဲ့ မီးဟာ ဝါယာရှော့ ဖြစ်ရာက လောင်ကျွမ်းတာ ဖြစ်နိုင်တယ်လို့ ယူဆကြပေမဲ့ အတိအကျ မသိရသေးဘူးလို့ ဆိုပါတယ်။ မီးလောင်တာနဲ့ ပတ်သက်ပြီး ဈေးသူဈေးသားတွေ ပြောဆိုနေတာတော့ ဈေးအတွင်း ဝါယာကြိုးလိုင်းတွေကို မနှစ်ကမှ ပြုလုပ် ထားတာဖြစ်ပေမဲ့ သပ်ယပ်မှု မရှိတာကြောင့် ဝါယာရှော့ ဖြစ်တာလို့ ဝေဖန်နေပါတယ်။
လောင်ကျွမ်းသွားတဲ့ ဆိုင်တွေအပြင် မွေ့ယာဆိုင်နှင့် ရွှေဆိုင်တွေရဲ့ သိုလှောင်ရုံ တွေပါ မီးထဲ ပါသွားပါတယ်။ မူဆယ်ဆေးရုံကို မေးမြန်းချက်အရ ဒီမီးလောင်ကျွမ်းမှုကြောင့် လူထိခိုက်ဒဏ်ရာ ရရှိတာ မရှိဘူးလို့ သိရပါတယ်။
မူဆယ်မြို့မှာ ပြီးခဲ့တဲ့ အပတ်ကလည်း မြို့ဧည့်ရိပ်သာ ရှေ့မှာ ဗုံးကွဲမှု ဖြစ်ခဲ့တယ်လို့ သိရပါတယ်။ ဒီဗုံးကွဲမူမှာလည်း တရားခံကို ဖမ်းမိသေးခြင်း မရှိသေးပါဘူး။