မူဆယ် NLD က စာအုပ်လှူဒါန်း


2016.06.01
school-students-620.jpg ကျောင်းတက်နေတဲ့ မူလတန်းကျောင်းသားတွေကို တွေ့ရစဉ်
Photo: RFA

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ မျှဝေခြင်း စီမံချက်အနေနဲ့ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့ အင်န်အယ်လ်ဒီ က ပန်ဆိုင်း(ကြူကုတ်) မြို့နယ်ခွဲ အတွင်းရှိ အထက်တန်းကျောင်းခွဲတစ်ခုကို ဗလာစာအုပ်တွေ ဒီကနေ့ သွားရောက်ကူညီခဲ့တယ်လို့သိရပါတယ်။

မုံးပေါ် ကျေးရွာက အထက်တန်းကျောင်းခွဲကို အခုလို သွားရောက် ကူညီခဲ့ကြောင်း မူဆယ်မြို့နယ် အင်န်အယ်လ်ဒီ ဥက္ကဌ ဦးနောက်ဘောက်က ပြောပြပါတယ်။

"နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည့်ရဲ့ မျှဝေခြင်းအစီအစဉ်ဖြစ်ပါတယ်၊ ၇၀၀ ကျော် ရှိတဲ့အထဲ မှာ ကျနော်တို့ စာအုပ် ၃၆၇ ဒါဇင် လှူဒါန်းဖြစ်ပါတယ်၊ ကျနော်တို့ ကျေးရွာ တလျှောက်လုံးကို လိုက်လှူပါတယ်၊ အဖွဲ့တွေ ခွဲပီးတော့မှ လွန်ခဲ့တဲ့ အပတ်ကတည်းက ကျနော်တို့ လှူဒါန်းခြင်းကို လုပ်ပါတယ်၊ ရှိတဲ့လူက မရှိတဲ့လူ ကို ပြန်ပြီးမျှဝေခြင်းဖြစ်ပါတယ်။ မြို့မှာရှိတဲ့ လူတွေရဲ့ ပံ့ပိုးမှုတွေ စိတ်အားထက်သန်တဲ့ လူတွေရဲ့ ပံ့ပိုးမှုနဲ့ ကူညီခြင်းဖြစ်ပါတယ်"

မုံးပေါ်ကျေးရွာမှာ လူမျိုးပေါင်းစုံနေထိုင်ကြပီး မိဘမဲ့ကလေးတွေ၊ စစ်ကြောင့် ဒုက္ခရောက်နေသူတွေရဲ့ ကလေးတချို့ လည်း ကျောင်းတက်နေတယ်လို့ သိရပါတယ်။ သူတို့ကျောင်းမှာ အခက်အခဲတချို့ ရှိနေတယ်လို့ ကျောင်းအုပ်ကြီး ဦးတင်စိုးက ပြောပါတယ်။

"ဒေသခံက ကချင်တို့ ရှမ်းတို့ အဲဒါတွေများပါတယ်၊ အခက်အခဲကတော့ သူတို့ရဲ့ ကျောင်းသုံး ဗလာစာအုပ် ဘာညာပေါ့၊ ဒါမျိုးလေးတွေလဲ အခက်အခဲရှိပါတယ်၊ ဆက်သွယ်ရေးဘာညာပေါ့၊ ဖုန်းလိုင်းကမရှိဘူး လိုင်းဆိုလဲ တရုတ်လိုင်းပဲရတယ်၊ တခါတလေ ရုံးနဲ့အဆက်အသွယ် အခက် အခဲတော့ ရှိတာပေါ့ ကျန်တာတော့ အထွေ အထူးမရှိပါဘူး၊ တခြားကတော့ ကျနော်တို့ရဲ့ဆန္ဒက ဖြစ်စေချင်တာကတော့ အထကခွဲကနေ အထက ဖွင့်ချင်တာ ကျနော်တို့လည်း အဆင့်တိုးတော့ တင်ထားပါတယ်၊ ကျောင်းဆောင်ဆိုလည်း အန္တရာယ်ရှိတဲ့ ကျောင်းဆောင်တွေ လည်း အန္တရာယ်ဆောင်ဆို တင်ထားပါတယ်"

ကျောင်းတည်တံ့ရေးအတွက် ရပ်ရွာအုပ်ချုပ်ရေးမှုးတွေ၊ ကျောင်းအကျိုးတော်ဆောင်၊ ခရစ်ယာန် ဘာသာရေး ဆရာတွေနဲ့ ဆရာဆရာမတွေ ပူးပေါင်း ညှိနှိုင်းပီး ဆောင်ရွက်နေတာဖြစ်ပါတယ်လို့လည်း သူကပြောပါတယ်။ အဲဒီကျောင်းမှာ သူငယ်တန်းကနေ အထက်တန်းအထိ ကျောင်းသူကျောင်းသား ဦးရေ ၇၆၅ ယောက် ရှိပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။