White Card ကိုင်သူတွေကို မဲပေးခွင့်မပြုဖို့ ဆန္ဒပြ


2014.02.09
mrauku-protest-whitecard-305.jpg white card ကိုင်ဆောင်ထားသူတွေကို မဲပေးခွင့်မပြုရေး အတွက် ၂ဝ၁၄ ခုနှစ် ဖေဖော်ဝါရီလ ၉ ရက်နေ့က ရခိုင်ပြည်နယ် မြောက်ဦးမြို့မှာ ဒေသခံတွေ ဆန္ဒပြနေစဉ်
Photo: RFA

လာမယ့် ၂၀၁၅ ရွေးကောက်ပွဲမှာ White Card လို့ခေါ်တဲ့ အဖြူရောင်ယာယီ သက်သေခံလက်မှတ် ကိုင်ဆောင်ထားသူတွေကို မဲပေးခွင့်မပြုဖို့ ထောင်နဲ့ ချီတဲ့ ဒေသခံတွေက ဒီနေ့ ရခိုင်ပြည်နယ် မြောက်ဦးမြို့ မှာ ဆန္ဒပြတောင်းဆိုကြပါတယ်။

အဲဒီလို မဲပေးခွင့်မပြုဖို့အပြင် ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံ သား ဥပဒေကို အမြန်ဆုံး အကောင်အထည်ဖော်ပေးဖို့၊ UN အပါအဝင် နိုင်ငံတကာ လူမှုအဖွဲ့အစည်းတွေ ဒေသ တွင်းကနေ ထွက်ခွာသွားပေးဖို့ စတဲ့အချက်တွေကို လည်း တောင်းဆိုကြတယ်လို့ ဆန္ဒပြပွဲကို ဦးဆောင်သူ တစ်ဦးဖြစ်တဲ့ မြောက်ဦးမြို့ ရခိုင်လူမှုကွန်ရက်က ကိုထွန်းထွန်းက RFA ကို ပြောပါတယ်။

“၁၉၈၂ ဥပဒေကို ကျနော်တို့ တောင်းဆိုတာက ကြာပြီ ဘာမှအကောင်အထည် မဖော်ပေးသေး ဘူး၊ ၁၉၈၂  ခုနှစ် နိုင်ငံသားဥပဒေကို လွှတ်တော် ကနေ အမြန်ဆုံး အကောင်အထည်ဖော်ပေး ဖို့၊ နောက် white card နဲ့ အရွေးခံတာတွေရှိတယ်၊ နိုင်ငံသားမှ မဲပေးခွင့်ရရမှာ အခုဟာက နိုင်ငံသား မဟုတ်တဲ့သူက မဲပေးခွင့်ရနေတယ်၊ ပြီးတော့ လွှတ်တော်ထဲကို ရောက်နေတယ်၊ အဲဒါဆို မြန်မာနိုင်ငံ ဟာ ဘယ်လိုဖြစ်သွားမလဲ၊ နောက်ဆိုရင် နိုင်ငံသားမဟုတ်တဲ့သူတွေ သမ္မတတို့ လွှတ်တော်ဥက္ကဌ တို့ ဖြစ်လာရင် ဘယ်လိုလုပ်မလဲ”

ဒါ့အပြင် ရခိုင်ပြည်နယ်မှာ တာဝန်ထမ်းဆောင်နေကြတဲ့ ရဲတပ်ဖွဲ့ဝင်တွေရဲ့လုပ်ပိုင်ခွင့်တွေကို တိုးမြှင့်ပေးဖို့၊ ရခိုင်တိုင်းရင်းသားတွေရဲ့ လုံခြုံရေးကို တာဝန်ယူပေးဖို့နဲ့ သီတင်းတစ်ပတ်အတွင်း  ရခိုင်ပြည်နယ်ကနေ MSF ခေါ် နယ်စည်းမခြား ဆရာဝန်များအဖွဲ့ ထွက်ခွာပေးဖို့ စတဲ့အချက်တွေကိုလည်း တောင်းဆိုခဲ့ကြပါတယ်။

အလားတူ တောင်းဆိုမှုတွေကို ပြီးခဲ့တဲ့ရက်ပိုင်းက စစ်တွေနဲ့ ဘူးသီးတောင်မြို့ ဒေသခံတွေက ဆန္ဒပြတောင်းဆိုခဲ့ကြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။