လေဆိပ်နဲ့ နယ်စပ်ဂိတ်တွေမှာ မျောက်ကျောက်ရောဂါဆိုင်ရာပုံစံ ဖြည့်ရမည်

RFA Burmese
2024.08.23
လေဆိပ်နဲ့ နယ်စပ်ဂိတ်တွေမှာ မျောက်ကျောက်ရောဂါဆိုင်ရာပုံစံ ဖြည့်ရမည် ကွန်ဂို သမ္မတနိုင်ငံတွင် မျောက်ကျောက်ရောဂါ ကူးစက်ခံထားရသည့် ကလေးငယ်ကို ကျန်းမာရေးဝန်ထမ်းများမှ ၂၀၂၄ ခုနှစ် ဇူလိုင် ၁၉ ရက်နေ့တွင် ကြည့်ရှုစစ်ဆေးနေစဉ်။
Reuters

ရန်ကုန်လေဆိပ် အပါအဝင် နိုင်ငံတကာလေဆိပ်နဲ့ နယ်စပ်ဂိတ်ပေါက်တွေကနေပါ ဝင်ရောက်လာသူတွေအနေနဲ့ မျောက်ကျောက်ရောဂါနဲ့ သက်ဆိုင်တဲ့ အချက်အလက်တွေကို ဖောင်တစ်ခုနဲ့ ဖြည့်ပေးရမယ်လို့ စစ်ကောင်စီရဲ့ ကျန်းမာရေး ဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

မြန်မာနိုင်ငံကို ဝင်ရောက်လာမဲ့ ပြည်တွင်းပြည်ပ ခရီးသွားတွေဆီကနေ Mpox (မျောက်ကျောက်) ရောဂါဆိုင်ရာ အချက်အလက်တွေရယူနိုင်ဖို့ Health Declaration Form ကို ဩဂုတ်လ ၂၂ ရက်နေ့ကစပြီး ဖြည့်ရမယ်လို့ ဆိုပါတယ်။

ခရီးသွားတွေအနေနဲ့ သူတို့ရဲ့ ကိုယ်ရေးအချက်အလက်၊ လေယာဉ်ခရီးစဉ်အမှတ်၊ ထွက်ခွာလာတဲ့မြို့၊ သွားမဲ့နေရာနဲ့ ရောဂါလက္ခဏာတွေ ရှိ မရှိ၊ သံသယလူနာနဲ့ လွန်ခဲ့တဲ့ ၂၁ ရက်အတွင်း ထိတွေ့မှု ရှိ မရှိ ဆိုတဲ့ အချက်အလက်တွေကို ဖြည့်ပေးရမှာပါ။

ဒီအချက်အလက်တွေနဲ့ ခရီးသည်ရဲ့ အခြေအနေအရ သံသယရှိလို့ ဓာတ်ခွဲစစ်လိုက်ပြီး ရောဂါတွေ့ရှိတယ်ဆိုရင် တော့ Quarantine ဝင်ရမှာ ဖြစ်ပြီး Quarantine နဲ့ ပတ်သက်တဲ့ ညွှန်ကြားချက်တွေ သီးသန့်ထွက်လာဖို့ ရှိတယ် လို့ စစ်ကောင်စီရဲ့ ကျန်းမာရေးဝန်ကြီးဌာန တာဝန်ရှိသူတစ်ဦးက RFA ကို ပြောပါတယ်။

ဖောင်မှာဖြည့်ခိုင်းတဲ့ အချက်အလက်တွေကို မှန်မှန်ကန်ကန် ဖြည့်ပေးဖို့ လိုတယ်လို့လည်း သူက ပြောပါတယ်။

“ကိုယ့်မှာ လက္ခဏာ ရှိနေလျက်သားနဲ့တော့ မမှန်မကန် မဖြည့်ရဘူးပေါ့။ နောင်တစ်ချိန်မှာ ဒီလူကြောင့် ဒီရောဂါ တွေ ပေါ်ထွက်လာတယ်ဆိုရင် သက်ဆိုင်ရာ ဥပဒေနဲ့အညီ ဆောင်ရွက်လို့ ရတာတွေ ရှိတာပေါ့”

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ရဲ့ သတ်မှတ်ချက်အရ မြန်မာနိုင်ငံဟာ ကူးစက်နိုင်ခြေနည်းတဲ့ နိုင်ငံထဲမှာ ပါပေမဲ့ ကူးစက်ရောဂါရဲ့ သဘာဝအရ ကိုဗစ်ဖြစ်စဉ်ကို နမူနာယူပြီး သတိထားရမယ်လို့ သူက ပြောပါတယ်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က ပြည်သူ့ကျန်းမာရေး ကမ္ဘာ့အရေးပေါ် အခြေအနေအဖြစ် ကြေညာထားတဲ့ မျောက်ကျောက်ရောဂါ (Monkey Pox) ဖြစ်ပွားသူကို ထိုင်းနိုင်ငံမှာ သြဂုတ် ၂၁ ရက်မှာ ပထမဆုံးစတွေ့ရတယ် လို့ ကြေညာပါတယ်။

မျောက်ကျောက်ရောဂါဟာ တိရစ္ဆာန်ကနေ လူကိုကူးစက်ပေမဲ့ တစ်ယောက်နဲ့ တစ်ယောက် နီးနီးစပ်စပ် နေထိုင်ရင် လူကလူကိုလည်း ကူးစက်နိုင်ပြီး ဗိုင်းရပ်စ်ပိုးကူးစက်ခံရရင် အရေပြားပေါ်မှာ ယားနာလို အဖုအပိမ့်တွေပေါ်လာပြီး တုပ်ကွေးလို ရောဂါလက္ခဏာတွေ ပြတတ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။