သတင်းအတုအယောင်တွေ ရေးသားနေတာတွေကို စောင့်ကြည့်ဖော်ထုတ်သွားမည်


2018.11.20
mpc-daily-news-myanmar-622.jpg Daily News Myanmar သတင်းမီဒီယာကိစ္စနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီရဲ့ သဘောထားထုတ်ပြန်ချက်ကို တွေ့ရစဉ်
Photo: Mm.presscouncil
အများပြည်သူ ထင်ယောင်ထင်မှားဖြစ်စေမယ့် သတင်းတု၊ သတင်းမှားတွေ ရေးသားနေတဲ့ သတင်းမီဒီယာတွေကို စောင့်ကြည့်ဖော်ထုတ်သွားမယ်လို့ မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီက ဒီနေ့ သဘောထားထုတ်ပြန် လိုက်ပါတယ်။

လူမှုကွန်ယက်ဖေ့စ်ဘွတ်ပေါ်က Daily News Myanmar သတင်းဌာန အမည်နဲ့ စာမျက်နှာကနေ "မန္တလေးတိုင်း ဝန်ကြီးချုပ်ရဲ့ မိသားစုကုမ္ပဏီတွေ တင်ဒါအများစုအောင်မြင်နေလို့ လုပ်ငန်းရှင်တွေ မေးခွန်းထုတ်"ဆိုတဲ့ ခေါင်းစဉ်နဲ့ သတင်းရေးသားဖော်ပြခဲ့တာကို သတင်းမီဒီယာဥပဒေနဲ့အညီ ဖြေရှင်းပေးဖို့ မန္တလေးတိုင်းဝန်ကြီးချုပ်ကိုယ်စား အတွင်းရေးမှူးက မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီကို တိုင်ကြားလာတာကြောင့် အခုလိုစောင့်ကြည့်ဖော်ထုတ်ဖို့ ဆုံးဖြတ်လိုက်တာဖြစ်တယ်လို့ သိရပါတယ်။

အဲဒါနဲ့ပတ်သက်လို့ ကောင်စီက အဲဒီသတင်းစာမျက်နှာဟာ တရားဝင်ဟုတ် မဟုတ် စင်ကာပူနိုင်ငံမှာရှိတဲ့ Facebook အဖွဲ့ကို မေးမြန်းစုံစမ်းခဲ့တယ်လို့ ထုတ်ပြန်ချက်အရ သိရပါတယ်။

အဲဒီ Daily News Myanmar သတင်းဌာန အမည်ရှိတဲ့ စာမျက်နှာ ၂ ခုဖြစ်နေပြီး တစ်ခုမှာ Ginger ဆိုတဲ့ ဝက်ဘ်ဆိုက်ဖြစ်ပြီး တစ်ခုကတော့ DNM လို့သုံးထားပြီး ဝက်ဘ်ဆိုက်မရှိကြောင်း MPC က စီစစ်တွေ့ရှိထားတယ်လို့ ထုတ်ပြန်စာမှာပါရှိပါတယ်။

ကောင်စီက ဖော်ထုတ်ရရှိတဲ့အချက်အလက်တွေအရ DNM စာမျက်နှာကို သတင်းမီဒီယာဥပဒေအတိုင်း ဆက်လက်ဆောင်ရွက်သွားမယ်လို့ သိရပါတယ်။

ဒါနဲ့ဆက်စပ်ပြီး သတင်းမီဒီယာတွေ လိုက်နာရမယ့် တာဝန်နဲ့ ကျင့်ဝတ်တွေကို လိုက်နာမှု ရှိမရှိနဲ့ ကျင့်ဝတ်လိုက်နာမှု မရှိဘဲ သတင်းတုတွေ သတင်းအမှားတွေ ရေးသားနေတဲ့ သတင်းမီဒီယာတွေကို စောင့်ကြည့်ဖော်ထုတ်သွားမယ်လို့ ကောင်စီက သတင်းထုတ်ပြန်တာဖြစ်ပါတယ်။

ဒီအကြောင်း RFA သတင်းထောက် ကိုထက်အာကာ က တင်ပြထားပါတယ်။
~~~~~~~~~~~~~~~~~~~~~~~~~~~~
သတင်းအတုအယောင်တွေ ရေးသားနေတာတွေကို စောင့်ကြည့်ဖော်ထုတ်သွားမည်
(ထက်အာကာ)

■ သတင်းတုတွေ၊ သတင်းမှားတွေ ရေးသားနေတဲ့ သတင်းမီဒီယာတွေကို မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီက စောင့်ကြည့်ဖော်ထုတ်မယ်လို့ ဒီနေ့ ပြောကြားရာမှာ သုံးသပ်မှုအမျိုးမျိုး ဖြစ်ပေါ်လာပါတယ်။

ဒီလိုဆောင်ရွက်ရာမှာ အစိုးရနဲ့ ပူးပေါင်းဆောင်ရွက်သွားတဲ့အကြောင်း လွှတ်တော်ကိုယ်စားလှယ်အချို့က အကြံပြု ပြောကြပါတယ်။

တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးနေဘုန်းလတ် က အမုန်းတရားတွေ ပြန့်ပွားအောင်၊ သတင်းအချက်အလက်အမှားတွေ ဖြန့်ဝေနေတဲ့ စာမျက်နှာတွေက သတင်းဌာနနာမည်တွေနဲ့ ဆင်တူပြုလုပ်ထားတာတွေ ရှိလာတယ်လို့ ပြောပါတယ်။

"အဲဒါတွေက အရင်တုန်းကလည်း သာဓကတွေ ရှိခဲ့တယ်။ အွန်လိုင်းပေါ်မှာ အမုန်းတရားတွေဖြန့်။ အပြင်မှာပါ နိုင်ငံရေးလှုံ့ဆော်မှုတွေလုပ်၊ နောက်ပြီးကျတော့ ပဋိပက္ခဖြစ်အောင် ဖန်တီး။ အရင်ကလည်း ဒါမျိုးတွေ လုပ်ခဲ့ ဖူးတယ်။ အခုကျတော့ အမုန်းတရားမဟုတ်ဘဲ သတင်းအတုအယောင်တွေကို စာမျက်နှာတွေ ရည်ရွယ်ချက်ရှိရှိနဲ့ ဆင်တူယိုးမှား လျှောက်ထောင်။ သတင်းအတုအယောင်တွေကို အမှန်လို့ ထင်ပြီး ကိုယ်ကထပ်ဆင့်ဖြန့်တာမျိုး လုပ်မယ်ဆိုရင် အများပြည်သူနစ်နာနိုင်တာပေါ့။ သတင်းအတု အစစ်ခွဲခြားနိုင်ဖို့ အတုတွေကို ထပ်ဆင့်မဖြန့်မိဖို့ ဒါမျိုးတွေကို သတိထားဖို့လိုတယ်။"

မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီ အဖဲ့ွဝင် ဦးမြင့်ကျော် က သတင်းတုတွေ သတင်းအမှားတွေ ဖြန့်ဝေတဲ့ စာမျက်နှာတွေကို ကောင်စီက သတင်းထုတ်ပြန်တာမျိုးသာ လုပ်နိုင်မှာဖြစ်ပြီး အရေးယူတာကတော့ အစိုးရမှာသာ တာဝန်ရှိကြောင်း ပြောပါတယ်။

"လူတွေက ရောနှောပြီး ဘယ်ဟာက သတင်းမီဒီယာအစစ်လဲ၊ ဘယ်ဟာက သတင်းမီဒီယာနာမည်ပဲ ခံထားပြီး နာမည်ရော လိပ်စာရော ဆက်သွယ်ဖို့ ဘာမှမရှိဘဲ ရည်ရွယ်ချက်အမျိုးမျိုးနဲ့ လုပ်နေတာတွေလည်း ရှိတယ်။ စီးပွားရေးရည်ရွယ်ချက်လည်း ရှိနိုင်သလို တခြားသော နိုင်ငံရေး ဘာသာရေး လူမျိုးရေး ရည်ရွယ်ချက်လည်း ရှိတယ်။ ဒါကိုတော့ သတိပြုသင့်တယ်။ ပရိသတ်ကို သတိပြုမိအောင် ပညာပေးတာတို့ ခွဲခြားထုတ်ပြန်ကြေ ညာပေးတာမျိုးတို့လုပ်ဖို့ လိုအပ်တယ်။ သို့သော် လိုက်ပြီးတော့ ဖော်ထုတ်ပြီးအရေးယူတာမျိုးကတော့ ကောင်စီရဲ့ လုပ်ပိုင်ခွင့်ထဲ မပါဘူး။ အဲဒါကတော့ သက်ဆိုင်ရာအစိုးရကသာ လုံခြုံရေးကိစ္စတို့ တခြားအကြောင်းကိစ္စနဲ့ သာလျှင် လုပ်သင့်တယ်။"

သတင်းဌာနနာမည်တွေနဲ့ ဆင်တူတဲ့ စာမျက်နှာတွေကနေ သတင်းအတုအယောင်တွေ ဖြန့်ဝေတာတွေရှိသလို လူပုဂ္ဂိုလ်ရေးအရ တိုက်ခိုက်တဲ့ သတင်းမျိုးတွေနဲ့ ဘာသာရေး လူမျိုးရေးဆိုင်ရာ ပဋိပက္ခဖြစ်စေမယ့် သတင်းတွေ ကိုလည်း ဖြန့်ဝေတာတွေ ရှိလာပါတယ်။

ဒီအပေါ်မှာ အစိုးရက ဆိုရှယ်မီဒီယာစောင့်ကြည့်ရေးအဖွဲ့ကို ပို့ဆောင်ရေးနဲ့ ဆက်သွယ်ရေးဝန်ကြီးဌာနက ဖွဲ့စည်းပြီး စောင့်ကြည့်နေပါတယ်။ ဒါပေမဲ့ အခုချိန်ထိ အရေးယူဆောင်ရွက်တာတွေ တစ်စုံတစ်ရာ သတင်းထုတ်ပြန်တာတွေ မရှိသေးပါဘူး။

ဒီလိုစောင့်ကြည့်ရေးမှာ ဗုဒ္ဓဘာသာအပေါ် အမုန်းတရားဖြန့်ဝေသူတွေကို အရေးယူဆောင်ရွက်တာတွေ မတေ့ွရကြောင်း၊ ကြံ့ခိုင်ဖံ့ွဖြိုးရေးပါတီ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာမောင်သင်းက ဒီနေ့မှာ အစိုးရကို မေးခွန်းထုတ်ခဲ့ပါသေးတယ်။

အခုဆိုရင် မြန်မာတနိုင်ငံလုံးမှာ လူမှုကွန်ယက်ဖေ့ဘွတ်စ်သုံးစွဲသူ ၁၈ သန်း ရှိနေတယ်လို့ သိရပါတယ်ခင်ဗျာ။

ဒီသတင်းကို RFA သတင်းထောက် ကိုထက်အာကာ ပေးပို့လိုက်တာပါ။
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။