၀န်ကြီး ဦးအုန်းမြင့် ပြောကြား ချက် ဖြေရှင်းဖို့ အစိုးရကို တိုက်တွန်း
2014.02.04

ပြီးခဲ့တဲ့ ဇန်နဝါရီလ၂၈ရက်နေ့က မကွေးတိုင်းဒေသကြီး မကွေးမြို့နယ် သစ်ရာကောက်ကျေးရွာမှာ ပြည်ထောင်စုဝန်ကြီး ဦးအုန်းမြင့်ရဲ့ ပြောကြားချက်တွေနဲ့ ပတ်သက်ပြီး အမြန်ဆုံးတာဝန်ယူ ဖြေရှင်းဆောင်ရွက်ပေး ဖို့ ပြည်ထောင်စုအစိုးရကို တိုက်တွန်းကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်စိုးက ဒီနေ့ ပြည်သူ့လွှတ်တော်အစည်းအဝေးမှာ အရေးကြီးအဆို တင်သွင်းခဲ့ပါတယ်။
သစ်ရာကောက်ကျေးရွာမှာ ဝန်ကြီးဦးအုန်းမြင့် ပြောကြားချက်တွေဟာ အာဏာရှင်စနစ်ပုံစံကို ပြန်ဖေါ်ထုတ်နေသလိုမျိုး ခံစားရကြောင်း လွှတ်တော်ကိုယ်စားလှယ် ဦးအောင်စိုးက အခုလိုတင်ပြခဲ့ပါတယ်။
“ပြည်သူလူထုအနေနဲ့လည်း မတရားမှုတွေကို ခေါင်းငုံ့ခံ၊ အစိုးရလုပ်သမျှ ဘာမှမဆန့်ကျင် တဲ့ ခေါ်ရင်လာ၊ ခိုင်းတာလုပ်၊ ခံမပြောနဲ့ ဆိုတဲ့ အာဏာရှင်စနစ်ပုံစံကို ပြန်ဖော်ထုတ်နေသလို ခံစားရပါလိမ့်မယ်၊ ဒီမိုကရေစီနဲ့လည်း ဖြောင့်ဖြောင့်ကြီး ဆန့်ကျင်နေပါတယ်၊ ဖွဲ့စည်းပုံ အခြေခံဥပဒေမှာပါတဲ့ နိုင်ငံသားတစ်ဦးရဲ့ လွတ်လပ်စွာဖော်မှုကိုလည်း ချိုးဖော်နေသလို ဖြစ်နေ ပါတယ်၊ သို့ပါ၍ ပြည်ထောင်စုဝန်ကြီးရဲ့ ပြောကြားချက်များနဲ့ စပ်လျဉ်း၍ အမြန်ဆုံးတာဝန် ယူ ဖြေရှင်းပေးနိုင်ရန် ပြည်ထောင်စုအစိုးရသို့ တိုက်တွန်းကြောင်းအဆိုကို ပြည်သူ့လွှတ်တော်ကတဆင့် အရးကြီးအဆိုကို တင်သွင်းအပ်ပါတယ်”
ဒါ့အပြင် ပြီးခဲ့တဲ့ ၂၀၁၃ ခုနှစ် အောက်တိုဘာလတုန်းကလည်း တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းမြို့နယ်၊ ပုလုံးတုံတုံးကျေးရွာမှာ ဒေသခံတွေနဲ့တွေ့ဆုံစဉ် ရုန့်ရင်းကြမ်းတမ်းစွာ ပြောခဲ့ဖူးကြောင်း လွှတ်တော်ကိုယ်စားလှယ် ဦးအောင်စိုးက ထည့်သွင်းတင်ပြခဲ့ပါတယ်။
အရေးကြီးအဆိုနဲ့ ပတ်သက်ပြီး ပြည်ထောင်စုအစိုးရအဖွဲ့ကိုယ်စား ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်ကြည်က ဝန်ကြီးဦးအုန်းမြင့်ရဲ့ ပြောကြားချက်တွေဟာ သဘောရိုးနဲ့ပြောသလား ဒါမှမဟုတ် ကောက်ကျစ်တဲ့အကြံနဲ့ ပြောသလားဆိုတာ အခြေအနေအားလုံးကို ထည့်သွင်းစဉ်းစားသွားရမှာ ဖြစ်တာကြောင့် အစိုးရအဖွဲ့ကို လုံလောက်တဲ့အချိန်ပေးဖို့ ဒီနေ့ လွှတ်တော်အစည်းအဝေးမှာ တောင်းဆိုခဲ့ပါတယ်။
ပြည်ထောင်စုဝန်ကြီး ဦးအုန်းမြင့်ရဲ့ ပြောကြားချက်တွေအပေါ် ပြည်ထောင်စုအစိုးရအဖွဲ့ရဲ့ တာဝန်ယူဖြေရှင်းဆောင်ရွက်ချက်တွေကို စောင့်ကြည်သွားမယ်လို့ ပြည်သူ့လွှတ်တော်က ဒီနေ့ ဆုံးဖြတ်လိုက်ပါတယ်။