တစ်ပတ်အတွင်း နောက်ဆက်တွဲငလျင် အကြိမ် ၆၀ ကျော်လှုပ်ခတ်
2025.04.03

မြန်မာနိုင်ငံမှာ မတ်လ ၂၈ ရက် နေ့လယ်ကလှုပ်ခတ်ခဲ့တဲ့ အင်အား ရစ်ချ်တာစကေး ၇ ဒသမ ၇ ငလျင်အပါအဝင် ဧပြီလ ၃ ရက် မနက် ၁၀ နာရီအထိ နောက်ဆက်တွဲငလျင် ၆၅ ကြိမ်လှုပ်ခတ်ခဲ့ကြောင်း မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက ထုတ်ပြန်ပါတယ်။
နောက်ဆက်တွဲငလျင်တွေဟာ မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်း၊ နေပြည်တော်နဲ့ ရှမ်းပြည်နယ်တောင်ပိုင်းတွေမှာ အဓိကလှုပ်ခတ်ခဲ့တာဖြစ်ပြီး ရစ်ချ်တာစကေး အမြင့်ဆုံး ၇ ဒသမ ၅ ကနေ ၂ ဒသမ ၈ အထိ အသီးသီး ရှိတယ်လို့ ဆိုပါတယ်။
မန္တလေးမြို့မှာ နောက်ဆက်တွဲ ငလျင်ကြောင့် ဒေသခံတွေဟာ နေရာလွတ်တွေမှာ တဲထိုးပြီး နေနေကြရတယ်လို့ ဒေသခံတစ်ဦးက RFA ကိုပြောပါတယ်။
“မန္တလေးမှာ နောက်ဆက်တွဲငလျင်တွေ ဆက်တိုက်လှုပ်နေတော့ လူတွေက တော်တော်စိုးရိမ်ကြတာ။ အိမ်တွေ ပြိုနေတာ၊ တိုက်နံရံတွေအက်နေတာရှိတော့ အဲဒီနေရာတွေမှာ ဆက်မနေရဲကြတော့ဘူး။ အိမ်တွေကိုတော့ မျှော်လင့်ချက်မရှိကြတော့ဘူး။ နောက်ဆက်တွဲငလျင်နဲ့ အသက်တွေ မဆုံးရှုံးဖို့အတွက်ကိုပဲ စိုးရိမ်ကြတာ။ အဲဒါကြောင့် ပန်းခြံတွေနဲ့ နေရာလွတ်တွေမှာ ယာယီတဲတွေထိုးပြီး နေနေကြရတာ”
စစ်ကောင်စီရဲ့ ထုတ်ပြန်ချက်တွေအရ မတ်လ ၂၈ ရက်နေ့ ငလျင်ကြောင့် ဧပြီလ ၂ ရက် ညနေအထိ နိုင်ငံတစ်ဝန်း သေဆုံးသူ ၃၀၀၃ ဦး၊ ဒဏ်ရာရသူ ၄၅၁၅ ဦးနဲ့ ပျောက်ဆုံးသူ ၃၅၁ ဦးအထိ ရှိနေပါတယ်။
ဒီငလျင်ဟာ နိုင်ငံတစ်ဝန်းက လူပေါင်း ခုနစ်သန်းခန့်ကို ထိခိုက်ခဲ့တယ်လို့ ကုလသမဂ္ဂက ခန့်မှန်းထားပါတယ်။