အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် အရှင် ဂမ္ဘီရ တိုက်တွန်း

ကလေးမြို့ အကျဉ်းထောင်မှာ ထောင်ဒဏ် ၆၈ နှစ် အကျဉ်းကျခံနေရတဲ့ ရွှေဝါရောင်တော်လှန်ရေး ဦးဆောင်ဆရာတော် အရှင်ဂမ္ဘီရက ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်လာတဲ့အတွက် အလွန် ဝမ်းမြောက်မိကြောင်းနဲ့ သူ့အပေါ် စစ်အစိုးရက ညှဉ်းပန်း နှိပ်စက်ခဲ့တာတွေကို မေတ္တာဖြင့် ခွင့်လွှတ်ခဲ့ပြီး အမျိုးသား ပြန်လည်သင့်မြတ်ရေးနဲ့ နိုင်ငံရေးအကျဉ်းသားများ လွှတ်ပေးရေးကိုသာ လုပ်ဆောင်ပေးဖို့ လိုလားကြောင်း နိုဝင်ဘာ ၁၇ ရက် မနေ့က ထောင်ဝင်စာတွေ့ခဲ့တဲ့ မယ်တော်နဲ့ အစ်မတော်တို့ကနေ တဆင့် မိန့်ကြားလိုက်ပါတယ်။

2010.11.18
mackay_monk_gambira_305_z.jpg သတင်းဓာတ်ပုံဆရာ ဂျိမ်းစ်မက်ကေး ရိုက်ကူးထားသော ပုံများတွင် အကျဉ်းကျနေသူများ၏ အမည်ကို နိုင်ငံရေး အကျဉ်းသားဟောင်းများက အဘယာမုနိအနေအထား လက်ဝါးပေါ်တွင် ရေးသားထားခြင်း ဖြစ်ပါသည်။ အင်းစိန်ထောင်၊ သာယာဝတီထောင်တို့တွင် ၈ နှစ်ကြာ အကျဉ်းကျခံခဲ့ရသော ဦးတေဇက ရွှေဝါရောင် သံဃာ့လှုပ်ရှားမှုခေါင်းဆောင် ဦးဂမႝီရ လွတ်မြောက်ရေးအတွက် သရုပ်ဖော်နေပုံ ဖြစ်သည်။ (www.enigmaimages.net)
www.enigmaimages.net)

“အဲဒါလည်း သူက ပြောလိုက်တယ်၊ အမျိုးသား ပြန်လည်သင့်မြတ်ရေးရယ်၊ နိုင်ငံရေး အကျဉ်းသားတွေ လွတ်မြောက်ရေးရယ်၊ အဲဒီနှစ်ခုကို အဓိကထား ပြောတယ်။ အဲဒီတော့ အန်တီလည်း အဲဒီ မိန့်ခွန်းတွေထဲမှာ ပြောသွားတယ် ဆိုတဲ့အခါကျတော့ အဲဒါဆိုရင်တော့ ကောင်းတာပေါ့တဲ့ အဲလို ပြောတယ်။ သူခံခဲ့ရတဲ့ဟာတွေ အကုန်လုံးကို မေ့ပစ်လိုက်ပြီတဲ့။ အမုန်းလည်း မရှိဘူး၊ အာဃာတလည်း မရှိဘူးတဲ့။ မေတ္တာနဲ့ပဲ ခွင့်လွှတ်လိုက်ပါတယ်တဲ့။ သူလိုလားတာ အဲဒီနှစ်ခုပဲ အဓိကထားပြီး ပြောပေးပါလို့ ပြောလိုက်တယ်။”

အရှင်ဂမ္ဘီရဟာ လွန်ခဲ့တဲ့ ရက်သတ္တပတ်တွေအတွင်းက မျက်စီနာရောဂါ ဖြစ်ခဲ့တာကလွဲပြီး ကျန်းမာရေးကောင်းမွန်လျက် ရှိတယ်လို့ သိရပါတယ်။ အခုခါ ထောင်အတွင်း စာဖတ်ခွင့် ရရှိသလို နေထိုင်ရေးအခြေအနေတချို့ တိုးတက်လာတာလည်း ရှိတယ်လို့ ဆိုပါတယ်။

ဒါအပြင် ပြည်ပကို ရောက်ရှိသွားပြီး ရွှေဝါရောင်တော်လှန်ရေးကို ခရီးဆက်နေကြတဲ့ သံဃာတော်တွေကိုလည်း ငြိမ်းချမ်းတဲ့နည်း၊ မေတ္တာနည်းဖြင့်သာ အနိုင်ယူနိုင်ရေး ဆက်လက် အားထုတ်ကြဖို့ တိုက်တွန်းလိုက်ကြောင်းကို အစ်မဖြစ်သူ မခင်သူဌေးက အခုလို ဆက်ပြောပြခဲ့ပါတယ်၊

“ပြည်ပရောက် သံဃာတော်တွေအတွက်ကတော့ အဲလိုပဲပေါ့၊ အဟိံသ သစ္စာ အာဃာတဟတဲ့၊ သူတပါးကို မညှဉ်းဆဲ မနှိပ်စက်ပဲနဲ့တဲ့၊ မှန်ကန်တဲ့ လမ်းကြောင်းကို ရွေးပြီးတော့ ရည်မှန်းချက် ပန်းတိုင်ကို ရောက်အောင် လျှောက်ကြပါတဲ့။”

အရှင်ဂန္ဘီရနဲ့ ပတ်သြက်ပီး မကြာမီ အီတလီနိုင်ငံ ရောဘင်ညို မြိုတော်ဝန်က ဦးဆောင်ပြုလုပ်မဲ့ ကြားနာပွဲအတွက်လည်း စကားပါးလိုက်ရာမှာ သူ့အပေါ် နှိပ်စက်ခဲ့တာတွေကို မေတ္တာထားပြီး ခွင့်လွှတ်ခဲ့ကြောင်းနဲ့ အမျိုးသား ပြန်လည်သင့်မြတ်ရေးနဲ့ နိုင်ငံရေး အကျဉ်းသား လွတ်မြောက်ရေးကိုသာ လိုလားကြောင်း သတင်းစကား မိန့်ကြားလိုက်ကြောင်း သိရပါတယ်။

အရှင်ဂမ္ဘီရရဲ့ မယ်တော်ဖြစ်သူ ဒေါ်ရေးနဲ့ RFA မှ ကိုဇော်မိုးကျော်က ဆက်သွယ်မေးမြန်းထားပါတယ်။

ဆက်သွယ်မေးမြန်းချက်။
အသံဖိုင်ယူရန်
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။