သံဃာများ ပညာသင်ကြားရေး သာသနာ့ဦးသျှောင်အဖွဲ့ ထောက်ပံ့ရန်စီစဉ်
2010.12.21

ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က တတိယအကြိမ်မြောက် သာသနာ့ဦးသျှောင်ရဲ့ နှစ်ပတ်လည် အစည်းအဝေးကို နယူးယောက်မြို့မှာ ကျင်းပခဲ့ပါတယ်။
ပြည်တွင်းပြည်ပမှာ ရှိတဲ့ သံဃာတော်တွေကို ထောက်ပံ့ဖို့အတွက် ဆွေးနွေး ဆုံးဖြတ်ခဲ့ကြတယ်လို့ ဆရာတော်က မိန့်ကြားပါတယ်။
“နံပါတ် ၁ က ပြည်တွင်းမှာ ရှိတဲ့ သံဃာတွေ ထောက်ပံ့ဖို့ရယ်၊ နံပါတ် ၂ က အိန္ဒိယနဲ့ သီရိလင်္ကာတို့မှာ စာသင်နေတဲ့ မြန်မာ ရဟန်းသံဃာတွေကို ပညာသင်ကြေးတွေ ထောက်ပံ့ပေးဖို့ပေါ့။ နယ်စပ်နဲ့ ပြည်တွင်းမှာ ရှိတဲ့ သံဃာတွေ အတွက်ပေါ့လေ။ ရောက်နေတဲ့ မြန်မာ ရဟန်းသံဃာတွေအတွက်ကို လုံးဝ တာဝန်ယူထားတာတွေ ရှိပါတယ်။ အဓိကထားပြီး လှုပ်ရှားမှာကတော့ သာသနာ့ အန္တရာယ် ကာကွယ်ရေးပေါ့။”
“ဒီ သာသနာနဲ့ ပတ်သက်ပြီးတော့ ဘုန်းကြီး၊ ရဟန်းသံဃာတွေနဲ့ သီလရှင်တွေ အဓိက ဖြစ်နေတဲ့ ဒုက္ခတွေပေါ့။ အထူးသဖြင့် ထောင်ကျ ရဟန်းသံဃာတွေ လိုအပ်တဲ့ဟာတွေ၊ ဘာဖြစ်လို့လဲဆိုတော့ ထောင်ထဲမှာ ရှိနေတဲ့ ရဟန်းသံဃာတွေဟာ သူတို့ကို သွားပြီးတော့ ကြည့်မဲ့ရှုမဲ့ ဒကာဒကာမတွေ မရှိတော့ ဘုန်းဘုန်းတို့က အထူးသဖြင့် သူတို့တွေအတွက်ပေါ့၊ ဒါက ပြည်တွင်းအတွက် ဘုန်းဘုန်းတို့က ရပ်တည်သွားမှာပါ၊ သူတို့နဲ့ အတူတူ။”
ဒါ့အပြင် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ နိုင်ငံရေး၊ လူမှုရေး လုပ်ငန်းတွေကိုလည်း သာသနာ့ဦးသျှောင်အဖွဲ့ကြီးက ထောက်ခံတယ်လို့ ဆက်လက် မိန့်ကြား သွားပါတယ်။
နှစ်ပတ်လည်အစည်းအဝေးအပြီး ဦးဆောင်ဆရာတော်တွေကို ပြန်လည်ဖွဲ့စည်းခဲ့ရာမှာ နာယကဆရာတော်တွေ အဖြစ် ပီနန်ဆရာတော် ဘဒ္ဒန္တ ပညာဝံသ၊ ကနေဒါဆရာတော် ဦးကောဝိဒ၊ ဦးဂုဏိဿရ၊ ဦးပညာနန္ဒ၊ ဦးစန္ဒောဘာသတို့ ဖြစ်ပါတယ်။
သာသနာ့ ဦးသျှောင် အဖွဲ့ကို ၂၀၀၇ ခုနှစ် စက်တင်ဘာလမှာ သာသနာ့ရန် ကာကွယ်ရေးနဲ့ သံဃာ့ညီညွတ်ရေး ဦးတည်ချက်နဲ့ ဖွဲ့စည်းခဲ့တာပါ။ ပျံလွန်တော်မူခဲ့ပြီဖြစ်တဲ့ မစိုးရိမ်ဆရာတော် ဘဒ္ဒန္တ ကောဝိဒါဘိဝံသက ဦးဆောင် ဖွဲ့စည်းခဲ့တာ ဖြစ်ပါတယ်။