သပိတ်မှောက် ကံဆောင် ဆရာတော် ဦးကောသလ္လ ပျံလွန်
2011.08.02
၁၉၉၀ပြည့်နှစ်က စစ်အစိုးရအပေါ် သံဃာတော်တွေ ပထမဆုံးအကြိမ် သပိတ်မှောက်ကံဆောင်ပွဲမှာ ဆရာတော် ဦးကောသလ္လ ဟာ ဦးဆောင်ပါဝင်ခဲ့တဲ့ သံဃာတစ်ပါးဖြစ်ပါတယ်။ ဒါကြောင့် စစ်အစိုးရက ဆရာတော်ကို ထောင်ဒဏ်သုံးနှစ် ချမှတ်ခဲ့ပါတယ်။ အကျဉ်းထောင်က လွတ်လာပြီးတဲ့နောက် ဒီမိုကရေစီ လှုပ်ရှားနေသူတွေနဲ့ နိုင်ငံရေး အကျဉ်းသားတွေကို ဆရာတော်ဟာ ထောက်ပံကူညီ ပေးခဲ့ပါတယ်။
ရှစ်လေးလုံး အရေးတော်ပုံကစလို့ ဒီမိုကရေစီရေး လှုပ်ရှားတဲ့ ကျောင်းသားတိုင်းက ဆရာတော်ကို လေးစားချစ်ခင် ကြည်ညိုကြတယ်လို့ ၈၈မျိုးဆက် ကျောင်းသားခေါင်းဆောင် တဦးဖြစ်တဲ့ ကိုအောင်မိုးဝင်းက ပြောပါတယ်။
“မန္တလေးမြို့မှာ ဒီမြေလတ်တို့ အထက်မြန်မာပြည် အောက်မြန်မာပြည် ညီလာခံကျင်းပတဲ့အခါ ဒီဆရာတော်က သူကိုယ်တိုင် ထမင်းဟင်း ချက်ကျွေးတာအထိရှိတယ်။ အစိုးရက သူ့ကို ပထမအကြိမ် တုန်းကလည်း ဖမ်းဆီး ထောင်ချတယ်။ နောက်တခါ ပတ္တနိက္ကုဇ္ဇန ကံဆောင်တော့လည်း သူက ဦးဆောင်ဆရာတော်တပါးလေ။ နောက် ရဟန်းပျို သမဂ္ဂမှာလည်း ခေါင်းဆောင်တပါး ဖြစ်နေတာကို။ သူပျံလွန်တော်မူတယ် ကြားတဲ့အတွက် နိုင်ငံရပ်ခြားမှာ ရောက်နေတဲ့ ကျနော်တို့ ကျောင်းသားသမဂ္ဂ ခေါင်းဆောင်တွေလည်း စိတ်မကောင်း ဖြစ်ကြရမှာပါ”
ဆရာတော် ဦးကောသလ္လဟာ အမျိုးသားရေးကို အလေးထား လုပ်ဆောင်ကြဖို့ အမြဲမိန့်မှာ လေ့ရှိတယ်လို့လည်း ကိုအောင်မိုးဝင်းက ပြောပါတယ်။ ဒါအပြင် သံဃာ့သမဂ္ဂီ စာစောင်ကို ဦးဆောင် ထုတ်ဝေခဲ့ပါတယ်။ ဆရာတော်ပျံလွန်ချိန်မှာ သက်တော် ၅၂ နှစ် ဝါတော် ၃၂ ဝါ ရှိပြီ ဖြစ်ပါတယ်။