မွန်လူငယ်နေ့ မွန်ပါတီတွေကို မဖိတ်
2017.12.23

မွန်ပြည်နယ် ချောင်းဆုံမြို့နယ် ကမာမိုကျေးရွာမှာ ကျင်းပပြုလုပ်မယ့် ဆဌမအကြိမ်မြောက် မွန်လူငယ်နေ့ အခမ်းအနားကို မွန်နိုင်ငံရေးပါတီတွေကို ဖိတ်ကြားမှာမဟုတ်ဘူးလို့ ပွဲကျင်းပရေး ကော်မတီအဖွဲ့ဝင်တွေက ဒီနေ့ ပြောပါတယ်။
မွန်ပြည်သူတွေလိုချင်တဲ့ နှစ်ပါတီပေါင်းစည်းရေးကို ပါတီတွေက လိုလိုလားလား မဆောင်ရွက်တာကြောင့် မွန် လူငယ်နေ့မှာ မဖိတ်ကြားဘူးလို့ ပွဲကျင်းပရေးကော်မတီဝင် ကိုဉာဏ်စိုက်ရာမာရ်က ပြောပါတယ်။
"ကျနော်တို့ မွန်လူငယ်တွေကလည်း ဒီနှစ်ပါတီပေါင်းစည်းရေးကို လိုလားကြတယ်။ အဲဒါကြောင့် အခုလက်ရှိ မွန်လူငယ်နေ့မှာ နိုင်ငံရေးပါတီတွေကိုလည်း ကျနော်တို့ မဖိတ်ဘူး။ ဒီနှစ်ပါတီ ပေါင်း စည်းရေးကိစ္စမှာလည်း ပါတီတွေက မလိုလားတဲ့အခါကျတော့ အထိုက်အလျောက် အောင်မြင်မှုတွေက မရခဲ့ဘူးပေါ့နော်။ အကယ်၍ ဒီနှစ်ပါတီ ပေါင်းစည်းရေးကိစ္စမှာ မလုပ်နိုင်သရွေ့တော့ ကျနော်တို့ မွန်နိုင်ငံရေးပါတီတွေက ကျနော်တို့ကလည်း အသိအမှတ်လည်းမပြုပါဘူး။ ဒီမွန်ပြည်သူတွေရဲ့ လိုလားနေတဲ့ နှစ်ပါတီပေါင်းစည်းရေးကိစ္စမှာ ရှေ့လျောက်ပြီးတော့ ကျနော်တို့ မွန်နိုင်ငံရေးပါတီ ညှိနှိုင်းအဖွဲ့ကနေ တစိုက်မတ်မတ်ရပ်တည်ပြီးတော့လုပ်ရမှာ"
မွန်လူငယ်နေ့ အခမ်းအနားကို လာမယ့် ဒီဇင်ဘာလ ၂၈ ရက်နေ့မှာ ကျင်းပမှာဖြစ်ပါတယ်။
မွန်နှစ်ပါတီ ပေါင်းစည်းရေးကြိုးစားနေတဲ့ မွန်ပါတီပေါင်းစည်းရေးအဖွဲ့ကို မွန်လူငယ်တွေက ထောက်ခံ ခဲ့ပြီး ပေါင်းစည်းရေးမလုပ်နိုင်သရွေ့ မွန်နိုင်ငံရေးပါတီတွေကို အသိအမှတ်မပြုဘူးလို့လည်း ကော်မတီဝင်တွေ က ပြောပါတယ်။
မွန်လူငယ်နေ့ အခမ်းအနားကို မွန်လူမျိုးတွေရှိတဲ့ မွန်ပြည်နယ် ၁၀ မြို့နယ်အပါအဝင် ကရင်ပြည်နယ်၊ တနင်္သာ ရီတိုင်း၊ ရန်ကုန်တိုင်းနဲ့ ပဲခူးတိုင်းမှာရှိတဲ့ မွန်လူငယ်တွေကို ဖိတ်ကြားထားတဲ့အပြင် ပလောင်၊ ပအိုဝ်း၊ ကရင် စတဲ့ တိုင်းရင်းသားလူငယ်တွေကိုလည်း ဖိတ်ကြားထားတယ်လို့ သိရပါတယ်။
ဒီဇင်ဘာလ ၂၈ ရက်နေ့တိုင်းကို မွန်လူငယ်နေ့အဖြစ် သတ်မှတ်ကာ အခမ်းအနားတွေ ကျင်းပလာတာ အခုဆိုရင် ၆ ကြိမ်မြောက်ရှိနေပြီဖြစ်ပြီး ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ်၊ ကော့ကရိတ်မြို့နယ်၊ မွန်ပြည်နယ် ရေးမြို့ နယ်၊ မုဒုံမြို့နယ်နဲ့ သံဖြူဇရပ်မြို့နယ်တို့မှာ ကျင်းပပြုလုပ်ခဲ့ပြီးဖြစ်ပါတယ်။