မွန်ပြည်နယ်မှာ မဲစာရင်းအမည် မပါလို့ လျှောက်ထား သူ နှစ်ထောင်ကျော်ရှိ


2015.09.25
heinlinhtet-620.jpg မွန်ပြည်နယ် ရွေးကောက်ပွဲကော်မရှင် ဒုတိယညွှန်ကြားရေးမှူး ဦးဟိဏ်းလင်းထက်ကို စက်တင်ဘာလ ၂၅ ရက်နေ့က တွေ့ရစဉ်
Photo: Wai Mar Tun/RFA

မွန်ပြည်နယ်မှာ ထုတ်ပြန်ထားတဲ့ မဲဆန္ဒရှင်စာရင်းတွေမှာ အမည်မပါတာကြောင့် ပြည်နယ်ရွေးကောက် ပွဲကော်မရှင်ထံ လျှောက်ထားသူ နှစ်ထောင်ကျော်ရှိတယ်လို့ မွန်ပြည်နယ် ရွေးကောက်ပွဲကော်မရှင် ဒုတိယညွှန်ကြားရေးမှူး ဦးဟိဏ်းလင်းထက်က ပြောပါတယ်။

မဲပေးခွင့်ရှိသူစာရင်းမှာ နာမည်မပါလို့ လျှောက်ထားသူ နှစ်ထောင်ကျော်နဲ့ အချက်အလက်တွေမှားလို့ လျှောက်ထား သူ နှစ်ထောင်လောက်ရှိတယ်လို့ ဦးဟိဏ်းလင်းထက်က ပြောပါတယ်။

"ပုံစံ ၃ ခုနဲ့ ကျနော်တို့ ပြဆင်မယ်၊ ဖြည့်စွတ်တဲ့၊ ကန့်ကွက်တဲ့ကိစ္စတွေက အားလုံး ၄၅ဝဝ လောက် ကျနော်တို့ ဆီမှာရှိနေပြီ၊ အဲ့ဒါလည်း ကျနော်တို့လက်ရှိမှာ ရပ်ကျေးတွေကတဆင့် မြို့နယ်တွေကို ဒီစာရင်းတွေပေးပို့ပြီး စာရင်းရေးသွင်းထားတာတွေ ဆောင်ရွက်နေပါတယ်"

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က နောက်ဆုံးအကြိမ် မဲပေးနိုင်သူစာရင်းကို ဒီလ ၁၄ ရက်နေ့ကနေ ၂၇ ရက်နေ့ထိ သက်ဆိုင်ရာရပ်ကွက် ကော်မရှင်ရုံးတွေမှာ ကြေညာပေးထားတာ ဖြစ်ပါတယ်။

မွန်ပြည်နယ်မှာ လူဦးရေ ၂ သန်းကျော်ရှိပြီး လက်ရှိထုတ်ပြန်ထားတဲ့ စာရင်းအရ မဲပေးခွင့်ရှိသူ ၁ ဒဿမ ၄ သန်းကျော်ရှိပါတယ်။

ပြီးခဲ့တဲ့၂ဝ၁ဝ ရွေးကောက်ပွဲတုန်းက ထုတ်ပြန်ခဲ့တဲ့စာရင်းတွေအရ မွန်ပြည်နယ်မှာ မဲပေးခွင့်ရှိသူ တစ်သန်းခန့် သာရှိခဲ့တာ ဖြစ်ပါတယ်။

လာမယ့် နိုဝင်ဘာလ ၈ ရက်နေ့ ရွေးကောက်ပွဲအတွက် မွန်ပြည်နယ်မှာ မဲရုံ ၉၁၉ ရုံ ထားရှိမှာဖြစ်ပြီး၊ အဲ့ဒီထဲက မဲရုံ ၃ဝဝ ကျော်ဟာ မီးမရနိုင်တဲ့ ဒေသတွေမှာရှိနေတာကြောင့် မဲရုံတွေမီးရရေးအတွက် ပြည်ထောင် စု ရွေးကောက်ပွဲကော်မရှင်ထံ တင်ပြထားတယ်လို့ သိရပါတယ်။

မွန်ပြည်နယ် ရွေးကောက်ပွဲကော်မရှင် ဒုတိယညွှန်ကြားရေးမှူး ဦးဟိဏ်းလင်းထက်ကို RFA သတင်းထောက် မဝေမာထွန်း တွေ့ဆုံမေးမြန်းထားတာ နားဆင်နိုင်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။