မွန်လူထုတွေ့ဆုံပွဲတွေကို လူဦးရေကန့်သတ်
2018.03.09

မွန်ပြည်သစ်ပါတီ တပ်တည်ရှိတဲ့ နေရာ ငါးခုမှာ ကျင်းပပြုလုပ်ဖို့ ပြင်ဆင်နေတဲ့ လူထုတွေဆုံပွဲတွေကို လူဦးရေ အကန့်အသတ်နဲ့သာ ပြုလုပ်ဖို့ တပ်မတော်က တားမြစ်တဲ့အတွက် မွန်ပြည်သစ်ပါတီရဲ့ လူထုတွေ့ဆုံပွဲတွေကို ယာယီရပ်ဆိုင်းလိုက်ပါတယ်။
လူထုတွေဆုံပွဲတွေကို လူဦးရေ ၃၀ ထက်မပိုပဲ ကျင်းပပေးဖို့ အရှေ့တောင်တိုင်းစစ်ဌာနချုပ်က မနေ့ညနေပိုင်းက အကြောင်းကြားခဲ့တယ်လို့ မွန်ပြည်သစ်ပါတီ ဗဟိုကော်မတီဝင် နိုင်ဝင်းလှက ပြောပါတယ်။
"မနေ့ညနေကပဲ ပြောလာတယ် ၊ အရှေ့တောင်တိုင်း စစ်ဌာနချုပ်ကပေါ့၊ လူ ၂ဝ၊ ၃ဝ လောက်ပဲ အကျဉ်းချုံ့ ပြီးတော့ပဲ လုပ်ပါဆိုပြီးတော့၊ ကျနော်တို့က မဖြစ်ဘူး လူတော့နည်းနည်းများမယ်ပေါ့၊ အလွှာစုံ၊ အဖွဲ့စုံ၊ ဒေသစုံပေါ့၊ ဖိတ်ထားတာဆိုတော့ ပြောကြဆိုကြတာပေါ့လေ၊ သူတို့ဘက်က အဲဒီလိုပဲ အကျဉ်းချုံ့ပြီး လုပ်ရမယ်ဆိုပြီးတော့၊ ကျနော်တို့ ပြောတာက ဒါဆိုရင်တော့ မဖြစ်တော့ဘူး လူထုတွေ့ဆုံပွဲက ဒီလူလောက်နဲ့ မဖြစ်ဘူးလေ၊ အဲဒါကြောင့် ကျနော်တို့ လုပ်မယ့်ပွဲ ခဏရပ်ထားတာပေါ့လေ"
မွန်ပြည်သစ်ပါတီ NMSP ဟာ ပြီးခဲ့တဲ့လက တနိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး NCA စာချုပ်ကို လက်မှတ်ထိုးထားတဲ့ အဖွဲ့ဖြစ်ပါတယ်။ ၂၁ပင်လုံတက်ဖို့အတွက် လူမျိုးအလိုက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲတွေ လိုအပ် တာဖြစ်ပါတယ်။ အဲဒီအတွက် မွန်ပြည်သစ်ပါတီက သူတို့ အခြေစိုက်တဲ့နေရာ ၅နေရာမှာ လူထုတွေ့ဆုံပွဲတွေကို လူဦးရေ နှစ်ရာကျော်နဲ့ လာမယ့် မတ်လ ၁၀ ရက်နေ့ကနေ ၂၇ ရက်အတွင်းကျင်းပဖို့ စီစဉ်ထားတာပါတယ်။
နိုင်ငံရေးဆွေးနွေးပွဲတွေကို လူမျိုးအလိုက်နဲ့ အမျိုးသားအဆင့်ဆိုပြီး ပြုလုပ်ကြပါတယ်။ မွန်လူမျိုးအလိုက် အမျိုးသား အဆင့် နိုင်ငံရေးဆွေးနွေးပွဲကို ဒီမတ်လ ၂၃ ရက်နေ့မှာ ကျင်းပဖို့ စီစဉ်ထားပေမယ့် ပြင်ဆင်ချိန်တွေရဖို့ အတွက် ပြည်ထောင်စု ငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ UPDJC ရဲ့ သဘောတူညီချက်နဲ့ လာမယ့် ဧပြီလ ၆ ရက်နေ့ကစပြီး ရေးမြို့မှာကျင်းပဖို့ လျာထားတယ်လို့ နိုင်ဝင်းလှက ပြောပါတယ်။
အခုလို တားမြစ်ကန့်သတ်ခံရတဲ့ လူထုတွေဆုံပွဲတွေကို မူလသတ်မှတ်ထားတဲ့နေရာတွေမှာ ဆက်လက်ကျင်း ပနိုင်ဖို့ အမျိုးသားပြန်လည်သင့်မြတ်ရေး ဗဟိုဌာန NRPC နဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ UPDJC တို့ကို တင်ပြသွားမယ်လို့ ပြောပါတယ်။
အလားတူ NCA လက်မှတ်ထိုးထားတဲ့ RCSS ရှမ်းပြည်ပြည်လည်ထူထောင်ရေးကောင်စီက ဦးဆောင်ပြုလုပ်မယ့် လူထုတွေ့ဆုံပွဲတွေကို တပ်မတော်ဘက်က တားမြစ်ခဲ့တဲ့အတွက် ရှမ်းပြည်နယ်မှာ အမျိုးသားအဆင့်နိုင် ငံရေးဆွေးနွေးပွဲ ရပ်တန့်ခဲ့ရပါတယ်။