စစ်ပွဲတွေရပ်ဖို့ အမေရိကန်ရောက် မွန်တိုင်းရင်းသားတွေ တောင်းဆို
2016.05.28
မြန်မာနိုင်ငံတွင်း တိုင်းရင်းသားဒေသတွေမှာ အစိုးရတပ်တွေက စစ်ပွဲတွေဆင်နွှဲနေတာ အမြန်ဆုံးရပ်ဆိုင်းပေးဖို့ အမေရိကန်ပြည်ထောင်စု အင်ဒီယားနားပြည်နယ် ဖို့တ်ဝိန်းမြို့ရောက် မွန်တိုင်းရင်းသားတွေက တောင်းဆို လိုက်ကြပါတယ်။
မေလ ၂၉ ရက်နေ့ ကျရောက်တဲ့ ၂၅၉ ကြိမ်မြောက် ဟံသာဝတီ မွန်နိုင်ငံတော် ပျက်သုန်းတဲ့နေ့ အထိမ်းအမှတ် အဖြစ် ဖို့တ်ဝိန်းမြို့တရားရုံးရှေ့မှာ မနေ့ကပြုလုပ်တဲ့ ဆန္ဒပြပွဲမှာ တောင်းဆိုလိုက်တာ ဖြစ်ပါတယ်။ ဆန္ဒပြပွဲကို ဦးဆောင်သူတစ်ဦးဖြစ်တဲ့ ဦးနိုင်ပွန် ဆိုင်မွန်က အခုလိုပြောပါတယ်။
"ဆန္ဒပြရတဲ့ရည်ရွယ်ချက်ကတော့ ဒီစစ်တပ်တွေ အာဏာခွဲဝေတဲ့စစ်ပွဲမှာ လူမျိုးတစ်မျိုးကို မျိုးတုန်းအောင် သတ်ဖြတ်တယ်ဆိုတာကို ကျနော်တို့မွန်လူမျိုးတွေကနေပြီးတော့ မြင်တွေ့ရတယ်၊ အဲ့ဒါကို နောင်လာမယ့် မျိုးဆက်တွေ သတိရမှတ်မိဖို့ရယ် ပြီးတော့ဒါမျိုးနောက်ထပ်မဖြစ်အောင် ကြိုတင်ပြီးတော့ကာကွယ်နိုင်ဖို့ အဲ့ဒါကိုရည်ရွယ်ပြီးတော့ ဆန္ဒပြတောင်းဆိုရခြင်းဖြစ်ပါတယ်၊ တောင်းဆိုတဲ့အထဲမှာကတော့ ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေ အလိုမရှိ၊ ပြီးတော့ ဗမာ့တပ်မတော်ကနေပြီးတော့ တိုင်းရင်းသားနယ်မြေတွေမှာ သွားရောက်ပြီးတော့ ကျူးကျော်စစ်ပွဲဆင်နွဲတာကို ရပ်တန်းကနေရပ်ဖို့ကြ ကျနော်တို့ တောင်းဆိုပါတယ်"
ဒီဆန္ဒပြပွဲကို ဖို့တ်ဝိန်းမြို့ရောက် မွန်တိုင်းရင်းသား ၇၀ ကျော် တက်ရောက်ခဲ့ကြပါတယ်။
ဆန္ဒပြပွဲမတိုင်ခင်မနက်ပိုင်းကလည်း ဟံသာဝတီနေပြည်တော်ကို သိမ်းပိုက်စဉ်က ကျဆုံးခဲ့တဲ့ ရဟန်းရှင် လူပြည်သူတွေအတွက် သံဃာတော်တွေကို ပင့်ဖိတ်ပြီး ရေစက်ချအမျှဝေပွဲတစ်ရပ်ကို ကျင်းပပြုလုပ်ခဲ့ကြပါတယ်။