မြန်မာ့နိုင်ငံရေး မွန်တိုင်းရင်းသားတွေ ပါဝင်ခွင့် ရရေး

မွန်အမျိုးသား ဒီမိုကရေစီ အဖွဲ့ (လွတ်မြောက်နယ်မြေ) တည်ထောင်ခြင်း ၃ နှစ်မြောက်နေ့ အခမ်းအနားကို ထိုင်းမြန်မာ နယ်စပ် တနေရာမှာ ဒီကနေ့ ကျင်းပခဲ့ပြီး မြန်မာ့ နိုင်ငံရေးမှာ မွန်တိုင်းရင်းသားတွေ ပါဝင်ခွင့်ရရေး အတွက် ဆက်လက် ကြိုးစား လုပ်ဆောင် သွားဖို့ ဆုံးဖြတ်ချက်ချခဲ့ကြောင်း သိရပါတယ်။

2011.09.28
mon_national_day_utah_305_z ၆၄ ကြိမ်မြောက် မွန်အမျိုးသားနေ့ အခမ်းအနားကို အမေရိကန်ပြည်ထောင်စု Utah ပြည်နယ် Salt Lake City မြို့တွင် ၂၀၁၁ ခုနှစ် ဖေဖော်ဝါရီလ ၁၉ ရက်နေ့က လုပ်ခဲ့ပါသည်။
Photo: RFA

မွန်အမျိုးသား ဒီမိုကရေစီအဖွဲ့ (လွတ်မြောက်နယ်မြေ) ဟာ ထိုင်းနိုင်ငံ အပါအဝင် နိုင်ငံခြား တိုင်းပြည် (၁၀) ခုမှာ အဖွဲ့ခွဲတွေ ရှိနေတာကြောင့် အင်တာနက်က တဆင့် လက်ရှိ နိုင်ငံရေး အနေအထားနဲ့ ရှေ့လုပ်ငန်းစဉ်တွေကို ဆွေးနွေးခဲ့ကြကြောင်း အဖွဲ့ရဲ့ အထွေထွေ အတွင်းရေးမှူး နိုင်ဥဿာက RFA ကို ပြောပါတယ်။

"ကျနော်တို့ ပါတီကို ထူထောင်စက မွန်ပြည်သူ တသိန်းက မွန်ပြည်သူလူထုကို ဦးဆောင်တဲ့ နိုင်ငံရေး ပါတီ ရှိသင့်တယ်ဆိုတဲ့ တောင်းဆိုချက်ကို ကျနော်တို့ ဆုတ်ကိုင်ထားတယ်။ ပြီးတော့ ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲက ရလဒ်ကိုလည်း ကျနော်တို့က ကိုင်စွဲထားပါတယ်။ အခုလက်ရှိ ဖြစ်ပေါ်နေတဲ့ နိုင်ငံရေး အခြေအနေနဲ့ ပတ်သက်ပြီးတော့လည်း လက်ရှိအစိုးရက ဒေါ်အောင်ဆန်းစုကြည်ကို ရင်းရင်းနှီးနှီး တွေ့ဆုံ ဆွေးနွေးတာတို့ ငြိမ်းချမ်းရေး ကမ်းလှမ်းလာတဲ့အပေါ်မှာ ယုံကြည်စိတ်ချရတဲ့ဲ့ အနေအထား မရှိသေးပါဘူး။ အစိုးရက ပြည်သူတွေရဲ့ ထောက်ခံမှုကို ရယူချင်တယ်ဆိုရင်တော့ ပြည်သူတွေနဲ့ နိုင်ငံတကာရဲ့ တောင်းဆိုနေတာတွေကို ဂရုပြုဖို့ ကျနော်တို့ ပြောချင်ပါတယ်။ "

မွန်အမျိုးသား ဒီမိုကရေစီ အဖွဲ့ဟာ ၁၉၉၀ ရွေးကောက်ပွဲ မတိုင်မီက စတင် ဖွဲ့စည်းခဲ့ပြီး ၁၉၉၀ ရွေးကောက်ပွဲမှာ လွှတ်တော်အမတ် တချို့ အနိုင်ရခဲ့တဲ့ ပါတီ ဖြစ်ပါတယ်။

ဒါပေမယ့် ၁၉၉၀ ရွေးကောက်ပွဲ နောက်ပိုင်း ယခင် နဝတ စစ်အစိုးရ လက်ထက်မှာ အဖျက်သိမ်းခံထားရတဲ့ ပါတီဖြစ်ပြီး ၂၀၀၈ ခုနှစ် အရောက်မှာတော့ မွန်အမျိုးသား ဒီမိုကရေစီအဖွဲ့ (လွတ်မြောက် နယ်မြေ) အဖြစ် ထိုင်းမြန်မာ နယ်စပ်မှာ ပြန်လည် ဖွဲ့စည်းခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။