ရွှေ့ပြောင်းနေထိုင်သူ အိမ်ထောင်စုစာရင်းကို မွန်အမျိုးသားပါတီကန့်ကွက်
2016.06.20

ရွှေ့ပြောင်းနေထိုင်သူတွေကို အိမ်ထောင်စုစာရင်း ထုတ်ပေးမယ့် အစိုးရစီမံကိန်းဟာ တိုင်းရင်းသားတွေအတွက် အကျိုးမရှိနိုင်ဘဲ ထိခိုက်မှုတွေရှိလာနိုင်တဲ့ အတွက် ပြန်လည်ရုပ်သိမ်းပေးဖို့ မွန်ပြည်နယ်ဝန်ကြီးချုပ်ထံ မွန်အမျိုး သားပါတီက စာရေးသားပေးပို့ တောင်းဆိုလိုက်ပါတယ်။
မွန်ပြည်နယ်မှာ ယာယီနေထိုင်ကြသူတွေများပြီး အဲဒီလိုရွှေ့ပြောင်းနေထိုင်သူတွေကို အိမ်ထောင်စုစာရင်းချ ထားပေးလိုက်မယ်ဆိုရင် ရွေးကောက်ပွဲ အထိ ပြဿနာတွေရှိလာနိုင်တယ်လို့ မွန်အမျိုးသားပါတီရဲ့ ဗဟိုအလုပ် မှုဆောင်ကော်မတီဝင် နိုင်စိုးမြင့်က ပြောပါတယ်။
"မွန်ပြည်နယ်မှာ အလုပ်သမား လိုအပ်ချက်က အများကြီးရှိတယ်၊ လမ်းဖောက်တယ် တံတားဆောက်တယ်၊ လယ်ယာခြံမြေအားလုံးပေါ့နော်၊ မကွေးတိုင်း မန္တလေးတိုင်း စသဖြင့်ပေ့ါဗျာ အလုပ်သမားတွေက ဒီဘက်ရောက် လာတာပေါ့နော်၊ သူတို့ ပြောင်းရွှေ့အလုပ်သမားဆိုတာကလည်း အခြေတကျတည်ရှိတာ မဟုတ်ဘူးလေ၊ အလုပ်ပြီးသွားရင် သူတို့ပြောင်းရမယ်လေ၊ ကျနော်တို့မြင်တာက သန်းခေါင်စာရင်းတွေ အတည်ဖြစ်သွား တဲ့နောက်ပိုင်းမှာ လူဦးရေအချိုးအစား အများကြီးပြောင်းလဲသွားတာပေါ့၊ မဲဆန္ဒပေးတဲ့ကိစ္စတွေမှာ လက်ရှိ တိုင်းရင်းသားဒေသ တိုင်းရင်းသားပါတီတွေမှာ အများကြီးထိခိုက်မှုရှိတယ်"
ရွှေ့ပြောင်းနေထိုင်သူတွေကို အိမ်ထောင်စုစာရင်းချထားပေးရေးဆောင်ရွက်ရာမှာ ဘာအထောက်အထား မှ ပြစရာမလိုဘဲ ထုတ်ပေးမယ်လို့ ပြည်နယ်အစိုးရ အဖွဲ့ဝင်တွေက ပြောဆိုမှုတွေ ရှိနေတဲ့အတွက် အိမ်ထောင်စု စာရင်းတွေ ဖောင်းပွလာမှာကို စိုးရိမ်တယ်လို့လည်း နိုင်စိုးမြင့်က ပြောပါတယ်။
အဲ့ဒီစီမံချက်ဟာ လူဝင်မှုကြီးကြပ်ရေးဥပဒေနဲ့ ကိုက်ညီမှုမရှိတဲ့အပြင် လူဦးရေစာရင်း လွဲမှားနိုင်စရာရှိ တာကြောင့် နိုင်ငံတော်စီမံကိန်းတွေဆောင်ရွက်တာမှာ လွဲချော်မှုတွေရှိလာနိုင်တယ်လို့ ဝန်ကြီးချုပ်ထံပေးပို့တဲ့ စာမှာ ပါရှိပါတယ်။
လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဦးစီးဌာနက အဲဒီစီမံချက်ကို သစ္စာစီမံချက်လို့ အမည်ပေးထားပြီး နေရာဒေ သတစ်ခုကနေ တစ်ခုကို အနည်းဆုံး ၆ လ ကြာ ရွှေ့ပြောင်းနေထိုင်သူတွေကို အိမ်ထောင်စုစာရင်းထုတ်ပေး မှာဖြစ်ပါတယ်။
သစ္စာစီမံချက်ကို မွန်ပြည်နယ်အတွင်းက မွန်အမျိုးသားပါတီ၊ မွန်လူငယ်အသင်း၊ ညီညွတ်သော မွန်ရဟန်းပျိုများ အဖွဲ့တို့က ကန့်ကွက်ထားသလို ရှမ်းတိုင်းရင်း သားများဒီမိုကရေစီအဖွဲ့ချုပ် SNLD ပါတီကလည်း ကန့်ကွက်ထား ပါတယ်။