လူ့အခွင့်အရေးကောင်စီ ထုတ်ပြန်ချက် တိုင်းပြည်တည်ငြိမ်ရေး ထိခိုက်စေနိုင်


2018.09.01
mofa-statement-622 FFM ထုတ်ပြန်လိုက်တဲ့ အစီရင်ခံစာနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ၂၀၁၈၊ သြဂုတ် ၃၁ ရက်နေ့ ထုတ်ပြန်ချက်ကို တွေ့ရစဉ်
Photo: Ministry of Foreign Affairs Myanmar - facebook

ကုလသမဂ္ဂက ဖွဲ့စည်းထားတဲ့ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော နိုင်ငံတကာ အချက်အလက်ရှာဖွေရေးအဖွဲ့ FFM ရဲ့ အစီရင်ခံစာဟာ ရခိုင်ပြည်နယ်က လူမှုအသိုင်းအဝိုင်းတွေ ပေါင်းစည်းနေထိုင်မှုကို ပျက်ပြားစေတဲ့အပြင် နိုင်ငံ တစ်ဝန်း ငြိမ်းချမ်းရေး၊ အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အစိုးရက ကြိုးပမ်းဆောင်ရွက် နေတာတွေကိုပါ ထိခိုက်စေတယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာနက တုံ့ပြန်လိုက်ပါတယ်။

လူ့အခွင့်အရေးကောင်စီလက်အောက်ခံ FFM အဖွဲ့ရဲ့ သြဂုတ်လ ၂၇ ရက်နေ့က ထုတ်ပြန်လိုက်တဲ့ အစီရင်ခံစာနဲ့ ပတ်သက်ပြီး မြန်မာအစိုးရဘက်က အခုလို သတင်းထုတ်ပြန်လိုက်တာဖြစ်ပါတယ်။

မြန်မာအစိုးရအနေနဲ့ FFM ဖွဲ့စည်းမှုကို လက်မခံခဲ့သလို အဲအဖွဲ့ရဲ့ ရှာဖွေတွေ့ရှိချက်တွေကို လက်ခံသွားမှာ မဟုတ်တဲ့အကြောင်း အဲဒီအဖွဲ့ စတင်ဖွဲ့စည်းခဲ့ချိန်ကတည်းက ဖော်ပြခဲ့ပြီးဖြစ်တယ်လို့လည်း ရေးသားထားပါတယ်။

ဒါ့အပြင် FFM အဖွဲ့ရဲ့ တည်ထောင်မှု၊ ဖွဲ့စည်းမှုနဲ့ လုပ်ပိုင်ခွင့်တွေမှာ သမာသမတ်ကျမှု မရှိနိုင်သလို ရခိုင်အရေးနဲ့ ပတ်သက်ပြီး ရေရှည်တည်တံ့တဲ့ အဖြေတွေရှာဖွေနေတဲ့ အစိုးရရဲ့ ကြိုးပမ်းမှုတွေကိုပါ အဟန့်အတား ဖြစ်လာမှာကို စိုးရိမ်ရကြောင်းလည်း ပါရှိပါတယ်။

အဲလိုထုတ်ပြန်တာနဲ့ ပတ်သက်ပြီး မေးမြန်းဖို့အတွက် နိုင်ငံခြားရေးဝန်ကြီးဌာနကို RFA က ဖုန်းနဲ့ ဆက်သွယ်ခဲ့ပေ မယ့် ပြန်လည်ဖြေကြားခြင်းမရှိပါဘူး။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ တပ်မတော် ထိပ်ပိုင်းခေါင်းဆောင် ၆ ဦးကို ရိုဟင်ဂျာ မွတ်စလင်တွေကို လူမျိုးတုံးသတ်ဖြတ်မှုနဲ့ ပတ်သက်ပြီး နိုင်ငံတကာ ရာဇဝတ်မှုခုံရုံးမှာ စစ်ဆေးသင့်ကြောင်း FFM အဖွဲ့က ပြောထားပါတယ်။

အဖွဲ့ဝင် ၃ ဦး ပါဝင်တဲ့ FFM အဖွဲ့ဟာ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီက ဖွဲ့စည်းထားတာဖြစ်ပြီး မြန်မာနိုင်ငံကို ဝင်ရောက်ခွင့် ပိတ်ပင်ခံထားရသူတွေလည်း ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။