မြန်မာဂျာနယ်လစ် ကွန်ယက် (MJN) ပထမဦးဆုံးအကြိမ် ညီလာခံ ကျင်းပ
2012.05.02

သတင်းထောက် (၁၀၀) ကျော် တက်ရောက်တဲ့ ဒီညီလာခံကနေ အဖွဲ့ဝင် (၁၇) ဦးပါတဲ့ အလုပ်ကော်မတီတရပ်ကို ဖွဲ့စည်းလိုက်ကြောင်း သိရပါတယ်။
ဒီကွန်ယက်အနေနဲ့ အချက် (၃) ချက်အပေါ် အခြေခံပြီး သတင်းသမားတွေ အကျိုးအတွက် လုပ်ဆောင်သွားမှာပါလို့ မြန်မာဂျာနယ်လစ်-ကွန်ယက်ရဲ့ ဦးဆောင် အလုပ်ကော်မတီမှာ အရွေးချယ်ခံရသူ ကိုဥက္ကာကိုကိုက RFA ကို ပြောပါတယ်။
သတင်းသမားတွေရဲ့ အခြေခံ ရပိုင်ခွင့်တွေ ရရှိရေး၊ အရည်အသွေး မြှင့်တင်ရေး၊ သတင်းသမားတွေရဲ့ လူမှုရေးဆိုင်ရာ ကိစ္စရပ်များ ဖြေရှင်းရေး၊ ထိုမှ တဆင့် မီဒီယာလောက တခုလုံး ဖွံ့ဖြိုးရေး ဆောင်ရွက်သွားဖို့ ရည်ရွယကြောင်း၊ အဖွဲ့ဝင်များက တလကို ကျပ်ငွေ ၂ ထောင်ကျစီထည့်ဝင်သွားမှာ ဖြစ်ကြောင်း ပြောပြပါတယ်။
မြန်မာဂျာနယ်လစ်-ကွန်ယက်ကို ပြီးခဲ့တဲ့နှစ် စက်တင်ဘာလ ကတည်းက စတင်ဖွဲ့စည်းခဲ့တာဖြစ်ပြီး အခုဆိုရင် သက်တမ်း (၈) လ ရှိခဲ့ပြီလို့ ကွန်ယက် တာဝန်ရှိသူတွေက ပြောပါတယ်။
ဒီဂျာနယ်လစ်ကွန်ယက်ကို အသက် (၂၀) ကျော် (၃၀) ဝန်းကျင်ရှိတဲ့ ပြည်တွင်းဂျာနယ် သတင်းထောက်တွေ၊ အလွတ်သတင်းထောက် စုစုပေါင်း (၂၀၀) ကျော်နဲ့ ဖွဲ့စည်းထားတာဖြစ်ပါတယ်။