စာနယ်ဇင်း ကျင့်ဝတ် စောင့်ထိန်းရေး MJA တိုက်တွန်း
2014.02.11

မြန်မာနိုင်ငံမှာ စာနယ်ဇင်းကျင့်ဝတ်နဲ့ မကိုက်ညီ တဲ့ ရေးသားတင်ပြချက်တချို့ မြင်တွေ့ရတာကြောင့် သတင်းမီဒီယာသမားတွေအနေနဲ့ စာနယ်ဇင်း ကျင့်ဝတ်တွေကို စောင့်ထိန်းလိုက်နာ၊ ကျင့်သုံးကြဖို့ MJA လို့ခေါ်တဲ့ မြန်မာနိုင်ငံ သတင်းစာဆရာအသင်းက ဒီကနေ့ နေ့စွဲနဲ့ ကြေငြာချက်တစ်စောင် ထုတ်ပြန်လိုက် ပါတယ်၊
အဲဒီလိုမျိူး စာနယ်ဇင်းကျင့်ဝတ်နဲ့ မကိုက်ညီ တဲ့ ရေးသားချက်တွေနဲ့ ဖော်ပြချက်တွေဟာ စာဖတ်ပရိသတ်အတွက်လည်း အမှတ်မှားနိုင်သလို အယူအဆ လွဲသွားနိုင်တယ်လို့လည်း ဖော်ပြထား ပါတယ်၊ ဒါ့အပြင် သတင်းလွတ်လပ်ခွင့်နဲ့ တာဝန်ခံ မှုတွေကို တန်ဖိုးထားတဲ့ သတင်းသမားတွေကို ထိခိုက်သွားနိုင်တဲ့ အခြေအနေတွေကို စိုးရိမ်တဲ့အတွက် အခုလို ကြေညာချက် ထုတ်ပြန်ရတာဖြစ်တယ်လို့ မြန်မာနိုင်ငံ သတင်းစာဆရာအသင်းရဲ့ ဥက္ကဌ ဦးကိုကို (စက်မှုတက္ကသိုလ်) က ပြောပါတယ်၊
“တချို့ရေးသား ဖော်ပြချက်တွေပေါ့နော်၊ စာနယ်ဇင်း ကျင့်ဝတ်ပိုင်းဆိုင်ရာမှာ မညီညွှတ်ဘူး၊ ညီညွှတ်တယ် ငြင်းခုံရတဲ့ အခြေအနေအထိ ရှိခဲ့ပါတယ်၊ ကျနော်တို့ အခြေအနေတချို့လို့ ဆိုရာမှာ ဘယ်သူ့ဘယ်ဝါဆိုတာကို ကျနော်တို့က သတ်မှတ်ပြီး မပြောချင်ပါဘူး၊ အတိအကျဆိုတာထက် လက်ရှိအခြေအနေကို ခြုံငုံပြီးပြောတဲ့သဘော ဖြစ်ပါတယ်၊ ဒီကိစ္စကို ဝိုင်းဝန်းထိန်းသိမ်းကြဖို့ ဆော်သြတဲ့သဘော ဖြစ်ပါတယ်”
ဒါ့အပြင် သတင်းနဲ့ စာနယ်ဇင်းကျင့်ဝတ်နဲ့ မကိုက်ညီတဲ့ရေးသားချက်တွေကြောင့် မြန်မာ့သတင်းလောကဟာ သတင်းလွတ်လပ်ခွင့်နဲ့ မထိုက်တန်သေးကြောင်း အာဏာပိုင်များက တခြားသူတွေကို ဆွဲဆောင်သိမ်းသွင်းနိုင်ဖို့ အခွင့်အလမ်း ဖန်တီးပေးနေသလိုဖြစ်နေပြီး လက်ရှိရနေတဲ့ သတင်းလွတ်လပ်ခွင့်တွေ နောက်ဆုတ်သွားမှာကို စိုးရိမ်မကင်းဖြစ်မိတယ်လို့လည်း အဲဒီကြေငြာချက်ထဲမှာ ဖော်ပြထားပါတယ်၊
မကြာသေးခင်ရက်ပိုင်းတွေကပဲ ယူနတီဂျာနယ်မှာ ဖော်ပြခဲ့တဲ့ မကွေးတိုင်းပေါက်မြို့နယ်က လျို့ဝှက်ဓါတုစက်ရုံဆိုတဲ့ ဆောင်းပါးကြောင့် ယူနတီဂျာနယ်က သတင်းသမားတချို့ကို နိုင်ငံတော် လျို့ဝှက်ချက်များ အက်ဥပဒေနဲ့ ဖမ်းဆီးထားပါတယ်၊ အခုလို သတင်းထောက်တွေကို ဖမ်းထားတာနဲ့ ပတ်သက်ပြီး အစိုးရကို ပြစ်တင်ဝေဖန်နေတာတွေရှိသလို ဒီသတင်းဟာ စာနယ်ဇင်းကျင့်ဝတ်နဲ့ ကိုက်ညီမှုရှိ၊ မရှိ ဆိုပြီး အငြင်းပွားနေကြတာလည်း ရှိနေပါတယ်၊
ဒီကနေ့ ထုတ်ပြန်တဲ့ ကြေညာချက်နဲ့ပတ်သက်လို့ မြန်မာနိုင်ငံ သတင်းစာဆရာအသင်းရဲ့ ဥက္ကဌ ဦးကိုကို (စက်မှု) ကို RFA အဖွဲ့သူ မသင်းသီရိ ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။