ငြိမ်းချမ်းရေး နဲ့ လုံခြုံရေးဆိုင်ရာ သုံးသပ်ချက်အစီရင်ခံစာ ထုတ်ပြန်


2019.04.02
mips-review-622.jpg ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးဆိုင်ရာ သုံးသပ်ချက် အစီရင်ခံစာကို MIPS က ၂၀၁၉ ဧပြီ ၂ ရက်နေ့ကထုတ်ပြန်စဉ်
Photo: Thet Su Aung/RFA

၂၀၁၈ ခုနှစ်အတွင်း တပ်မတော်နဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေကြား တိုက်ပွဲတွေလျော့နည်းလာပေမယ့် တိုင်းရင်းသားအချင်းချင်းတိုက်ပွဲတွေ ပိုမိုဖြစ်ပွားခဲ့တယ်လို့ ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးဆိုင်ရာ မြန်မာအင်စတီကျူ MIPS က ထုတ်ပြန်လိုက်ပါတယ်။

ဒီနေ့ရန်ကုန်မြို့ ကမ္ဘာအေးဘုရားလမ်းမှာရှိတဲ့ မီလီယာဟိုတယ်မှာပြုလုပ်တဲ့ MIPS က ပထမဆုံးထုတ်ပြန်တဲ့ ၂၀၁၈ ခုနှစ် ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးဆိုင်ရာ သုံးသပ်ချက် အစီရင်ခံမှာ ဖော်ပြထားတာဖြစ်ပါတယ်။

၂၀၁၈ခုနှစ်အတွင်း တပ်မတော်နဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေကြား မြို့နယ် ၅၀မှာ တိုက်ပွဲတွေဖြစ်ပွားခဲ့ပြီး ကချင်နဲ့ ရှမ်းပြည်နယ်မှာ တိုက်ပွဲတွေလျောချခဲ့တယ်လို့ MIPS အမှုဆောင်ဒါရိုက်တာ ဒေါက်တာမင်းဇော်ဦးက ပြောပါတယ်။

တပ်မတော်နဲ့ NCA လက်မှတ်မရေးထိုးရသေးတဲ့ KIA၊ TNLA၊ AA စတဲ့တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ တိုက်ပွဲတွေ အများဆုံးဖြစ်ခဲ့ပြီး NCA လက်မှတ်ရေးထိုးထားတဲ့ KNUအဖွဲ့နဲ့ကတော့ ဖာပွန်ခရိုင်မှာ တိုက်ပွဲငယ် အကြိမ် ၃၀ကျော်ဖြစ်ပွားခဲ့တယ် ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

၂၀၁၈ ခုနှစ်အတွင်း ရှမ်းပြည်မြောက်ပိုင်းမှာ တိုင်းရင်းသားလက်နက်ကိုင်အချင်းချင်း တိုက်ပွဲတွေကြောင့် လူပေါင်း ၈၀၀၀ နီးပါး နေရပ်စွန့်ခွာပြေးခဲ့ရပြီး တပ်မတော်နဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေ တိုက်ပွဲတွေကြောင့် ဒေသခံ ၃၀၀၀ ကျော် နေရပ်စွန့်ခွာထွက်ပြေးခဲ့ရပြီး စုစုပေါင်း လူပေါင်း ၁၂၀၀၀ ကျော် မန္တလေးနဲ့ ရန်ကုန်ရွှေ့ပြောင်း ခဲ့ရတာတွေရှိတယ်လို့ သိရပါတယ်။

တပ်မတော်အနေနဲ့ ၂၀၁၈ ခုနှစ်မှာ တိုက်ပွဲအရေအတွက် လျော့ချခဲ့ပေမယ့် နိုင်ငံရေးဆွေးနွေးမှုမှာတော့ သဘောထားတင်းမာမှုတွေ ရှိခဲ့တယ်လို့ MIPS ရဲ့ အမှုဆောင် ဒါရိုက်တာ ဒေါက်တာမင်းဇော်ဦး က ပြောပါတယ်။

ဒီသတင်းကို RFA သတင်းထောက် မသက်စုအောင်နဲ့ ကိုကျော်လွင်ဦး တို့ ပေးပို့တာပါ။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။