တိုက်ခိုက်မှုတွေလျှော့ချရေး တိုက်တွန်းပေးဖို့ ဝန်ကြီး ဦးအောင်မင်း ပြော
2015.05.07

ဦးဖုန်ကြားရှင်ရဲ့ MNDAA ကိုးကန့်တပ်နဲ့ AA ရက္ခိုင့် တပ်မတော်တို့ကို တိုက်ခိုက်မှုတွေကို လျှော့ချပေးဖို့ တိုက်တွန်းပြောဆိုပေးမယ်ဆိုရင် မိမိအနေနဲ့လည်း အစိုးရတပ်မတော်ဘက်က စစ်ရှိန်လျှော့ချလာအောင် တိုက်တွန်းပေးသွားမယ်လို့ ပြည်ထောင်စုငြိမ်း ချမ်းရေး ဖော်ဆောင်ရေးကော်မတီ ဒုတိယဥက္ကဌ ဝန်ကြီး ဦးအောင်မင်းက ပြောကြားလိုက်ပါတယ်။
UWSA တပ်ဖွဲ့ ခေါင်းဆောင်တွေနဲ့ ဝန်ကြီးဦးအောင်မင်းတို့ ဒီကနေ့မနက်ပိုင်းက တယ်လီဖုန်းနဲ့ ဆက်သွယ်ပြောဆိုရာမှာ ဝန်ကြီးက အခုလို တိုက်တွန်းခဲ့တာဖြစ်ကြောင်း UWSA အဖွဲ့ ပြောခွင့်ရသူ ဦးအောင်မြင့်က ပြောပါတယ်။
"ဒီနေ့မနက် ဦးအောင်မင်းနဲ့ စကားပြောမိပါတယ်၊ အပစ်အခတ်ရပ်စဲရေးနဲ့ ပတ်သက်လို့ ထပ်ဖြစ်နေတဲ့ တိုက်ခိုက်မှုတွေဟာ ကိုးကန့်က စတိုက်တာဖြစ်တယ်၊ ရခိုင်က စတိုက်တာဖြစ်တယ်၊ တိုက်ပွဲက ဒီလိုပြင်းထန်လာ တာဖြစ်တယ်၊ ဒါကြောင့်မို့ ကျနော်တို့ကိုလည်းပြောပါတယ်၊ ကျနော်တို့ဘက်ကနေလည်း ဒီအဖွဲ့တွေကို တိုက်ပွဲအရှိန်လျော့ဖို့ ဆွေးနွေးပေးပါ၊ ပြောကြားပေးပါ၊ ဒီအဖွဲ့တွေက တိုက်ပွဲအရှိန်လျော့နိုင်တယ်ဆိုရင် တပ်မတော်ဘက်ကလည်း အရှိန်လျော့ဖို့ သူတို့လည်းဆွေးနွေးပေးပါမယ်ဆိုပြီးတော့ ပြောပါတယ်"
UWSA အနေနဲ့ ဝန်ကြီး ဦးအောင်မင်းရဲ့ ဒီပြောကြားချက်နဲ့ပတ်သက်ပြီး တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ခေါင်းဆောင်တွေထံ အကြောင်းကြားတင်ပြထားတယ်လို့လည်း သိရပါတယ်။
ဒီအတောအတွင်း တိုင်းရင်းသားတွေနဲ့ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲဖို့ အဆင်သင့်ဖြစ်နေကြောင်း သမ္မတ ဦးသိန်းစိန်က အခုလ ၄ ရက်နေ့ ရေဒီယိုမိန့်ခွန်းမှာ ပြောဆိုလိုက်တဲ့အပေါ် မေးခွန်းထုတ်စရာဖြစ်နေကြောင်း UNFC ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ အထွေထွေအတွင်းရေးမှူးနဲ့ NCCT ခေါင်းဆောင်တစ်ဦးဖြစ်သူ ခူဦးရယ်က ပြောကြားလိုက်ပါတယ်။
"အဆင်သင့်ဖြစ်တယ်လို့ သူတို့ပြောလိုက်တာက ဘာကိုအဆင်သင့်ဖြစ်သလဲလို့ မေးစရာအကြောင်းရှိပါတယ်၊ တချို့အဖွဲ့အစည်းတွေကိုတော့ သူတို့အသိအမှတ်မပြုနိုင်ဘူး၊ ပါဝင်ခွင့်မပေးဘူး၊ သူတို့လက်မှတ်မထိုးနိုင်ဘူး လို့ပြောလိုက်ရင် ထိန်ချန်ထားခံရတာပဲ၊ လက်နက်ကိုင်ပြီး ထိန်ချန်ထားခံရတဲ့ အဖွဲ့အစည်းတွေကတော့ ဆက်လက်ပြီး တိုက်ပွဲဝင်သွားမှာပဲ၊ သူတို့ကို အသိအမှတ်မပြုဘူးဆိုရင်တော့ လက်နက်ကိုင်တပ်ဖွဲ့က ဆက်သွားနေဦးမှာပဲ၊ အဲ့ဒါကြောင့်မို့ အားလုံးပါဝင်တဲ့ လက်မှတ်ရေးထိုးမှုကို မြင်ချင်တယ်ဆိုတာ ဒါကိုဆိုလိုခြင်းဖြစ်ပါတယ်"
အခု မေလ ၁ ရက်နေ့ကနေ ၆ ရက်နေ့အထိ UWSA ဝတပ်ဖွဲ့ဌာနချုပ် ပန်ဆန်းမှာ ကျင်းပတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ထိပ်သီးခေါင်းဆောင်တွေရဲ့ ဆွေးနွေးပွဲမှာ လက်ရှိအပစ်အခတ် မရပ်စဲနိုင်သေးတဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေအားလုံး ပါဝင်နိုင်ရေးအပါအဝင် အချက် ၁၂ ချက်ကို သဘောတူညီခဲ့ကြပါတယ်။
UWSA အဖွဲ့ ပြောခွင့်ရသူ ဦးအောင်မြင့်ကို RFA အဖွဲ့သူ ဒေါ်ခင်ခင်အိ ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။
တဆက်တည်း UNFC ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ အထွေထွေအတွင်းရေးမှူးနဲ့ NCCT ခေါင်းဆောင်တစ်ဦးဖြစ်သူ ခူဦးရယ်ကို RFA အဖွဲ့သူ မသင်းသီရိဆက်သွယ် မေးမြန်းထားတာကိုလည်း နားဆင်နိုင်ပါတယ်။