ပစ်ခတ်နှိမ်နင်းသူတွေကို အရေးယူပေးဖို့ မင်းပြားမှာ တောင်းဆို
2018.01.31

ရခိုင်ပြည်နယ်မှာ ဖမ်းဆီးတရားစွဲဆိုခံထားရတဲ့ ဒေါက်တာအေးမောင်နဲ့ ကိုဝေဟင်အောင် ကို အမြန်ဆုံးပြန် လွှတ်ပေးဖို့နဲ့ မြောက်ဦးဖြစ်စဉ်မှာ အကြမ်းဖက်ပစ်ခတ်နှိမ်နင်းသူတွေကို ဖော်ထုတ်ပြီး ထိထိရောက်ရောက် အရေးယူပေးဖို့ မင်းပြားမြို့မှာ ဒေသခံတွေက ဒီနေ့ ဆန္ဒပြတောင်းဆိုကြပါတယ်။
မင်းပြားမြို့မှာရှိတဲ့ အရပ်ဘက်လူမှုအဖွဲ့အစည်းတွေရဲ့ဆုံးဖြတ်ချက်အရ အခုလိုဆန္ဒဖော်ထုတ်ပြီး တောင်းဆိုတာလို့ ဆန္ဒပြပွဲဦးဆောင်တဲ့ ဦးစောရွှေ က ပြောပါတယ်။
"ကျနော်တို့ ဒါဟာ ပြည်သူလူထုတွေရဲ့ ရင်ထဲမှာရှိတဲ့စကားလုံးကို ဖော်ထုတ်ပေးတာ၊ လူမှုအဖွဲ့အစည်းတွေနဲ့ အစည်းအဝေးကျင်းပပြီးတော့ ဒီခေါင်းစဉ်ကိုရွေးထုတ်တာပါ၊ ဒေါက်တာအေးမောင်ကို ဖမ်းဆီးလိုက်တာကို ရခိုင်လူထုက စိတ်ထဲမှာတော့ မကောင်းကြဘူးပေါ့၊ အားမလိုအားမရဖြစ်နေကြတယ်၊ သူပြန်လွတ်လာရင်တော့ ဝမ်းသာကြမှာပေါ့"
ဆန္ဒပြသူတွေဟာ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး အပြည့်အဝရရှိရေးနဲ့ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးကို အလေးထားပြီး ရခိုင်လူထုရဲ့တောင်းဆိုမှုတွေကို အစိုးရဘက်က လိုက်နာပေးဖို့ စတဲ့အချက်တွေကိုလည်း ကြွေးကြော်ခဲ့ကြပါတယ်။
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာအေးမောင်နဲ့ ကိုဝေဟင်အောင် တို့ကို ရသေ့တောင် မြို့နယ်တရားရုံး မှာ အစိုးရက နိုင်ငံတော်အကြည်ညိုပျက်စေမှု၊ မတရားအသင်းဆက်သွယ်မှု ပုဒ်မတွေနဲ့ တရားစွဲဆိုထားပြီး အဲဒီအမှု ကို ရသေ့တောင်မြို့နယ်တရားရုံးကနေ စစ်တွေခရိုင် တရားရုံးကို ပြောင်းရွှေ့စစ်ဆေးသွားမှာဖြစ်တယ်လို့ သိရ ပါတယ်။
ဒါ့အပြင် ဒေါက်တာအေးမောင်နဲ့ ကိုဝေဟင်အောင် တို့ကို စစ်တွေခရိုင်တရားရုံးမှာလည်း နိုင်ငံတော်ပုန်ကန်မှုနဲ့ အစိုးရက ထပ်မံတရားစွဲဆိုထားပါတယ်။