ပေါက်မြို့နယ်က ကျေးရွာသား ခြောက်ဦး သတ်ဖြတ်ခံရ
မကွေးတိုင်း၊ ပေါက်မြို့နယ် ကင်းမကျေးရွာက ရွာသားသုံးဦးနဲ့ ဒိန်းကွင်းကျေးရွာက ရွာသားသုံးဦး စုစုပေါင်း ခြောက်ဦးကို ဩဂုတ် ၂၇ နဲ့ ၂၈ ရက်နေ့မှာ ရွာထဲမှာ တပ်စွဲနေကြတဲ့ စစ်ကောင်စီတပ်သားတွေက သတ်လိုက် တယ်လို့ ကျေးရွာဒေသခံတွေက ပြောပါတယ်။
ဩဂုတ် ၂၇ ရက်နေ့က ဒိန်းကွင်းကျေးရွာသား တောင်သူတွေဖြစ်တဲ့ အသက် ၃၃ နှစ်အရွယ် ဦးညိုသန်း၊ အသက် ၄၆ နှစ်အရွယ် ဦးစိုးနိုင်ဝင်းနဲ့ အသက် ၃၈ နှစ်အရွယ် ဦးမင်းမင်းတို့ကို စစ်ကောင်စီတပ်သားတွေက လမ်းပြအဖြစ် ခေါ်သုံးပြီးနောက် မိုင်းပေါ်မှာတက်နင်းခိုင်းပြီး သတ်လိုက်ကြသလို အသက် ၁၇ နှစ်အရွယ် လူငယ်တစ်ဦးကိုလည်း စစ်ဝတ်စုံဝတ်ခိုင်းပြီး လမ်းပြအနေနဲ့ ထပ်မံခေါ်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဩဂုတ် ၂၈ ရက်နေ့မှာလည်း ကင်းမကျေးရွာဒေသခံ လူငယ်နှစ်ဦး ဆိုင်ကယ်စီးလာရင်း စစ်ကောင်စီတပ်သား တွေနဲ့ တည့်တည့်တိုးမိချိန်မှာ ပစ်သတ်ခံလိုက်ရပြီး ရွာသားအချို့ ထွက်ပြေးကြချိန်မှာ အိမ်စောင့်အဖြစ် ကျန်နေခဲ့တဲ့ အသက် ၅၆ နှစ်အရွယ် ဦးညွန့်ရွှေကိုလည်း ဆိုင်ကယ်နဲ့အတူ ကြိုးချည်ပြီး မီးရှို့သတ်လိုက် ကြတယ်လို့ ဒေသခံတွေကပြောပါတယ်။
ဩဂုတ်လ ၂၇ ရက်နေ့မှာပဲ ပေါက်မြို့နယ်ထဲက ကင်းမရွာနဲ့ ဝန်ခြုံးရွာတွေက ဘုန်းကြီးကျောင်းတွေမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်သားတွေဟာ ပြည်သူတွေအတွက် လှူဒါန်းထားတဲ့ ဆန်အိတ် ၃၆ အိတ်နဲ့ မိုးကာတွေကိုလည်း မီးရှို့ဖျက်ဆီးခဲ့ကြတယ်လို့ ဒေသခံတွေကပြောကြပါတယ်။